#WorldPolitics
Published- 22 January 2022
အမေရိကန်နဲ့ရုရှားတို့မှ ထိပ်သီးသံတမန်တွေဟာ ယူကရိန်းအရေးကိစ္စနဲ့ပတ်သက်ပြီး သောကြာနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြရာ ထိရောက်တဲ့အောင်မြင်မှုမရရှိခဲ့ပေမယ့် စစ်ရေးထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်လာနိုင်တဲ့ပြဿနာကိစ္စရပ်ကြီးကို ဖြေရှင်းနိုင်ဖို့ ဆက်လက်ဆွေးနွေးပြောဆိုသွားရန် သဘောတူညီခဲ့ကြပါတယ်။

ဂျီနီဗာမြိုက တွေ့ဆုံဆွေးနွေးပွဲမှာ ပြောကြားရာမှာ ယူကရိန်းနယ်စပ်အနီးရှိ ရုရှားစစ်အင်အားအများအပြားဖြင့် ယူကရိန်းကို ကျူးကျော်မယ်ဆိုပါက အနောက်နိုင်ငံက လျင်မြန်ထိရောက်စွာ တုန့်ပြန်သွားမှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က သတိပေးပြောဆိုခဲ့ပါတယ်။

ရုရှားတို့တောင်းဆိုထားတဲ့ လုံခြုံရေးအာမခံချက်ကိစ္စတွေကို အနောက်နိုင်ငံတွေအနေနဲ့ စာရွက်စာတမ်းဖြင့် တုန့်ပြန်ရေးသားဖြေကြားပေးဖို့ ရုရှားတို့က စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ်က ပြောကြားခဲ့ပါတယ်။

နှစ်နိုင်ငံစလုံးက နောက်ထပ်တွေ့ဆုံဆွေးနွေးသွားကြဖို့ ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့အပတ်တွေတုန်းက အပြန်အလှန်ပြောဆိုမှုတွေနဲ့ အခုဂျီနီဗာမှာပြုလုပ်တဲ့ တွေ့ဆုံဆွေးနွေးရမှုတွေအရ နှစ်ဦးနှစ်ဖက်လုံခြုံရေးကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ မျှော်လင့်လို့ရနိုင်တဲ့ အကြောင်းအရင်းတွေကိုလည်း တွေ့မြင်ခဲ့ရကြောင်း ဘလင်ကန်က ပြောပါတယ်။

ဆက်လက်ပြီး ဘလင်ကန်ကပြောကြားရာမှာ တွေ့ဆုံဆွေးနွေးမှုတွေက ပြတ်သားခိုင်မာပြီး ရုရှားတို့အနေနဲ့ရွေးချယ်ဆုံးဖြတ်စရာ ရှိနေကြောင်းဆိုပါတယ်။

ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကို ဦးတည်သွားမယ့် သံတမန်ရေးကို ရွေးချယ်နိုင်သလို ပဋိပက္ခနဲ့နောက်ဆက်တွဲဆိုးကျိုးတွေ တွေ့ကြုံရနိုင်ပြီး နိုင်ငံတကာမှ ပြစ်တင်ရှုတ်ချမှုကိုခံရနိုင်တဲ့ လမ်းကြောင်းကိုလည်း ရွေးချယ်နိုင်ကြောင်း သတင်းထောက်တွေကို ဘလင်ကန်က ပြောကြားလိုက်ပါတယ်။

"ကျွန်တော်တို့ဘက်ကတော့ ရှင်းပါတယ်။ ရုရှားစစ်တပ်ဘက်က ယူကရိန်းနယ်စပ်ကို ဖြတ်ကျော်ပြီဆိုတာနဲ့ ကျူးကျော်တယ်လို့ သတ်မှတ်မှာပါ။ အဲဒီအခါကျရင်တော့ အမေရိကန်နဲ့ မဟာမိတ်အဖွဲ့တွေကနေ လျင်မြန်ထိရောက်တဲ့ တုန့်ပြန်မှုတွေ ပြုလုပ်သွားမှာပါ"

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ်က ဒီတွေ့ဆုံဆွေးနွေးပွဲဟာ ပွင့်လင်းပြတ်သားကြောင်း ဖော်ပြလိုက်ပါတယ်။

"လောလောဆယ်တော့ ဆွေးနွေးမှုက လမ်းကြောင်းမှန်ပေါ် ရောက်နေသလား မရောက်နေဘူးလားဆိုတာကို မပြောနိုင်သေးပါဘူး။ ကျွန်တော်တို့ရဲ့ တောင်းဆိုချက်အားလုံးကို အမေရိကန်က စာရွက်စာတမ်းနဲ့ တုန့်ပြန်ဖြေကြားပြီးမှသာ သိရှိရမှာဖြစ်ပါတယ်" လို့ ဆိုပါတယ်။

လွတ်လပ်မျှတသော နိုင်ငံရေးသုံးသပ်ရေးအဖွဲ့အစည်း R.Politik မှ အကြီးအကဲဖြစ်သူ တာရှာနာစတန်နိုဗာယာက တယ်လီဂရမ်မှာ "ဒါက ထောင်ခြောက်ဆင်ထားတဲ့သဘောမှန်း သိသာပါတယ်။ စာရွက်စာတမ်းပေါ်မှာ တုန့်ပြန်ဖြေကြားရမယ်ဆိုတာက အမေရိကန်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ရာရောက်စေပါတယ်" လို့ ပြောကြားထားပါတယ်။

နောက်အပတ်အတွင်း ရုရှားတို့ နဲ့အတူ နှစ်ဖက်စလုံးရဲ့ စိုးရိမ်ရမှုကိစ္စတွေနဲ့ အကြံဉာဏ်ကောင်းတွေကို စာဖြင့်တိတိကျကျ ရေးသားဖော်ပြနိုင်ဖို့ မျှော်လင့်ထားကြောင်းလည်း ဘလင်ကန်က ပြောကြားလိုက်ပါတယ်။

အဲဒီနောက် လက်ဗ်ရော့ဗ်နဲ့လည်း ဆက်လက်ဆွေးနွေးသွားဖို့ သဘောတူညီခဲ့ကြောင်း ဖြည့်စွက်ပြောကြားလိုက်ပါတယ်။ရုရှားဘက်မှ တောင်းဆိုထားတဲ့ လုံခြုံရေးအာမခံချက်တွေကို ဆွေးနွေးဖို့အတွက် နောက်လအတွင်း ရုရှားနဲ့အမေရိကန်တို့ နောက်ထပ်အစည်းအဝေးတစ်ခု ပြုလုပ်သွားဖို့ ရှိနေပါတယ်။
Source: Reuters