Published 24 July 2021

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင့်ကင်ဟာ လာမယ့်အပတ်ထဲ အိန္ဒိယနိုင်ငံကို သွားရောက်ဖို့ရှိပါတယ်။ အိန္ဒိယဟာ အမေရိကန်ရဲ့ တရုတ်ကိုတန်ပြန်ဖို့အတွက် အရေးပါတဲ့ မိတ်ဖက်နိုင်ငံဖြစ်နေပါတယ်လို့ ရိုက်တာကရေးပါတယ်။

ဘလင့်ကင်ရဲ့ အိန္ဒိယခရီးဟာ သမ္မတဂျိုးဘိုင်ဒင်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်ပြီးနောက် ပထမဆုံးအဖြစ် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကိုသွားရောက်တာဖြစ်ပါတယ်။ သူဟာ အိန္ဒိယနိုင်ငံကိုရောက်ရှိစဉ်အတွင်း ဝန်ကြီးချုပ် နာရင်ဒါမိုဒီနှင့် နိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ညန်ဂျေရှန်ကာတို့နှင့်တွေ့ဆုံပါလိမ့်မယ်။

ဘလင့်ကင်ဟာ သူ့ရဲ့ အိန္ဒိယခရီးစဉ် ဇူလိုင် ၂၆ရက်နေ ၂၉အထိပြီးဆုံးရင် ကူဝိတ်ကိုဆက်သွားဦးမယ်လို့သိရပါတယ်။

ဘလင့်ကင်ရဲ့ အိန္ဒိယခရီးစဉ်ဟာ သူ့ရဲ့ဒုနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှာမန်းရဲ့ တရုတ်ခရီးစဉ်အပြီးနှင့် ကာကွယ်ရေးဝန်ကြီး  လွိုက်အော်စတင်ရဲ့ အရှေ့တောင်အာရှခရီးစဉ်တွေနှင့်တိုက်ဆိုင်နေပါတယ်။

ခရီးစဉ်အတွင်း ဘလင့်ကင်ဆွေးနွေးမယ့်အကြောင်းအရာတွေက “ အင်ဒို-ပစိဖိတ် စေ့စပ်ညှိနှိုင်းမှု၊ ဒေသဆိုင်ရာ လုံခြုံရေးအကျိုးစီးပွား မျှဝေဆောင်ရွက်မှု၊ ဒီမိုကရက်တစ်တန်ဖိုးမျှဝေမှုနှင့် ရာသီဥတုပြောင်းလဲခြင်းကိစ္စတွေ”နှင့်အတူ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးတုန့်ပြန်ဆောင်ရွက်မှုကိစ္စတွေလည်းပါဝင်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဘလင့်ကင်ဟာ အိန္ဒိယ၊ဂျပန်၊ဩစတြေလျနှင့် အမေရိကန်တို့ပါဝင်ပြီး တရုတ်ဩဇာလွှမ်းမိုးမှုကိုတန်ပြန်ဖို့ဖွဲ့ထားတဲ့ လေးနိုင်ငံအဖွဲ့ QUAD လူချင်းတွေ့ထိပ်သီးဆွေးနွေးပွဲအစီအစဉ်ကိုလည်း ဆွေးနွေးသွားဖွယ်ရှိတယ်လို့ ရိုက်တာကရေး သားပါတယ်။ သူက ခရီးစဉ်အတွင်း အိန္ဒိယရဲ့ လူ့အခွင့်အရေးမှတ်တမ်းကိစ္စလည်းဆွေးနွေးမယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဌာန တောင်နှင့်အလယ်အာရှရေးရာ ခေတ္တလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒင်းသောမဆင်ကပြောပါတယ်။

Source: Reuters