Published 23 July 2021

စီအိုင်အေအရာရှိတစ်ရာခန့်နှင့် သူတို့ရဲ့မိသားစုဝင်တွေဟာ ဟာဗားနားရောဂါလက္ခဏာစုတွေကို ခံစားနေကြရတယ်လို့ စီအိုင်အေညွှန်ကြားရေးမှူး ဝီလျံဘန်းစ်က ကြာသပတေးနေ့က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ သူတို့ဟာ အဲဒီရောဂါ လက္ခဏာခံစားနေကြရတဲ့ အမေရိကန်အရာရှိတွေနှင့် ဆွေမျိုးသားချင်  နှစ်ရာဦးခန့်မှာ ပါဝင်ကြတာဖြစ်ပါတယ်။ ဟာဗားနာ ရောဂါလက္ခဏာစုဟာ ထူးဆန်းတဲ့ ဖျားနာမှုတစ်မျိုးဖြစ်ပြီး ခေါင်းတစ်ခြမ်းကိုက်တာနှင့် မူးဝေတာတွေပါဝင်ပါတယ်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က သံတမန်ဝန်ထမ်းတွေထဲကနေ ပထမဆုံး စီအိုင်အေအကြီးအကဲအဖြစ် ခန့်ထားခံရတဲ့ ဘန်းစ်က  ဒီရောဂါစုဖြစ်ရတဲ့အကြောင်းရင်းနှင့် တာဝန်ရှိမှုကဘာလဲဆိုတာကို ဆုံးဖြတ်နိုင်ဖို့ သူ့အေဂျင်စီရဲ့အားထုတ်မှု တွေကို ထောက်ခံအားပေးခဲ့ပါတယ်။

သူက အိုစမာဘင်လာဒင်ရှာပုံတော်စစ်ဆင်ရေးကို ဦးဆောင်ခဲ့တဲ့ အကြီးတန်းအရာရှိတစ်ဦးကို  အခုရောဂါစု စုံစမ်းစစ်ဆေးရေး အထူးတပ်ဖွဲ့ကို ခေါင်းဆောင်ဖို့ ရွေးချယ်တာဝန်ပေးခဲ့ပါတယ်။ အဲဒီစုံစမ်းမှုမှာပါဝင်တဲ့ ဆေးဘက်ဆိုင်ရာအသင်းကိုလည်း သုံးဆတိုးချဲ့ပေးခဲ့ပါတယ်။

စီအိုင်အေရဲ့ လက်အောက်ကသူတွေ ဝေါတာရိဒ်အမျိုးသားစစ်ဆေးရုံကို တက်ရောက်ဖို့အချိန်ကိုလည်း ရှစ်ပတ်ကနေ နှစ်ပတ်အထိ စီအိုင်အေက လျှော့ချပေးခဲ့ပါတယ်လို့ သူကပြောပါတယ်။

“ သူ့လူတွေကို စောင့်ရှောက်ဖို့ဆိုတာ ခေါင်းဆောင်တိုင်းရဲ့ လေးနက်တဲ့ ဝတ္တရားတစ်ခုဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်တော် ဒီလိုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာ” လို့ သူက အမျိုးသားအများပြည်သူရေဒီယိုဌာနကို ပြောကြားခဲ့ပါတယ်။ ဒါဟာ သူ စီအိုင်အေညွှန်မှူးဖြစ်ပြီးနောက် ပထမဆုံး အင်တာဗျူးလည်းဖြစ်ပါတယ်။

ဟာဗားနားရောဂါလက္ခဏာစုဆိုတာ မူးဝေတာ၊မအီမသာဖြစ်တာ၊ခေါင်းတစ်ခြမ်းကိုက်တာနှင့် မှတ်ဉာဏ်ချို့ယွင်းတာတွေစတဲ့ ရောဂါလက္ခဏာတွေ ခံစားရတာပါ။  ၂၀၁၆ခုနှစ်မှာ ကျူးဘားမှာရှိတဲ့ အမေရိကန်သံရုံးက အမေရိကန်သံအရာရှိတစ်ဦးစတင်ခံစားရာကနေ “ဟာဗားနားရောဂါလက္ခဏာစု” လို့အမည်ပေးခဲ့တာဖြစ်ပါတယ်။

 ဒီရောဂါလက္ခဏာစုဟာ “ တိုက်ရိုက်စွမ်းအင်” လျှပ်စစ်လှိုင်းတန်းတွေ ကြောင့် ဖြစ်တာ လို့ ယုတ္တိတန်တဲ့ သီအိုရီတစ်ခုကို အမေရိကန်ရဲ့ဘအမျိုးသား သိပ္ပံအကယ်ဒမီရဲ့ ပညာရှင်အဖွဲ့က ထုတ်ပြခဲ့တယ်လို့ ဘန်းစ်က မှတ်မှတ်သားသားပြောပါတယ်။

ဒီရောဂါလက္ခဏာစုဟာ တမင်သက်သက်လုပ်တာဆိုတာ အများကြီးကိုဖြစ်နိုင်တယ်လို့ သူကပြောပြီး ရုရှားလုပ်တာဖြစ်နိုင် တယ်လို့လည်း သူကစွပ်စွဲလိုက်ပါတယ်။  မော်စကိုကတော့ သူပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ ငြင်းဆိုထားကြောင်း ရိုက်တာ ကသတင်းပေးပို့ပါတယ်။

Source: Reuters