#World_Politics
Published-  03 January 2022


ရုရှားတိုက ယူကရိန်းဘက်သို့ ပိုမိုကျူးကျော်လာပါက အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက ပြတ်ပြတ်သားသား တုန့်ပြန်ဆောင်ရွက်သွားမှာဖြစ်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇယ်လန်စကီကို တနင်္ဂနွေနေ့က အသိပေးပြောကြားလိုက်တယ်လို့ အိမ်ဖြူတော်က ဖော်ပြထားပါတယ်။

ရုရှားနဲ့ ယူကရိန်းနယ်စပ်မှာ နိုင်ငံရေးအခြေအနေတင်းမာမှုများ မြင့်တက်လာတာနဲ့ပတ်သက်ပြီး ဘိုင်ဒန်နဲ့ ရုရှားသမ္မတဗလက်ဒီမီယာပူတင်တို့ တစ်လအတွင်း ၂ ကြိမ်တိုင် ဆွေးနွေးပြောဆိုခဲ့ပြီးနောက် အခုလိုအသိပေးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ယူကရိန်းနယ်နိမိတ်အနီးမှာ ရုရှားဘက်က စစ်အင်အား ၁ သိန်းခန့် နေရာချထားတဲ့ အခြေအနေကနေ အစပြုခဲ့ကြတာဖြစ်ပါတယ်။

"ရုရှားတို့က ယူကရိန်းဘက်ကို ဒီထက်ပိုပြီး ကျူးကျော်လာတယ်ဆိုရင် အမေရိကန်နိုင်ငံနဲ့ မဟာမိတ်အဖွဲ့တွေက ပြတ်ပြတ်သားသား တုန့်ပြန်သွားမှာဖြစ်ကြောင်း သမ္မတဂျိုးဘိုင်ဒန်က ရှင်းရှင်းလင်းလင်း ပြောကြားလိုက်ပါတယ်" လို့ အိမ်ဖြူတော်မှ ပြောရေးဆိုခွင့်ရှိသူ ယန်ဆာကီက ဖော်ပြလိုက်ပါတယ်။

ဘိုင်ဒန်နဲ့ ဇယ်လန်စကီတို့က အဲဒီအခက်အခဲကို ဖြေရှင်းဖို့ မကြာခင်ပြုလုပ်သွားမယ့် သံတမန်ရေးရာ အစည်းအဝေးများအတွက် ပြင်ဆင်မှုများ ဆွေးနွေးခဲ့ကြပါတယ်။
ဥရောပမှာ ငြိမ်းချမ်းရေးတည်မြဲပြီး နောက်ထပ်တင်းမာမှုများ ဖြစ်မလာအောင် ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြကြောင်း ဇယ်လန်စကီက တွစ်တာမှာ ရေးသားထားပါတယ်။

"နှစ်သစ်မှာ အမေရိကန်သမ္မတနဲ့ ပြောဆိုခွင့်ရတာဟာ ဘယ်လောက်တောင် ထူးခြားမှုရှိသလဲဆိုတာကို တွေ့ရမှာပါ" လို့ ဇယ်လန်စကီက တွစ်တာမှာ ဖော်ပြထားပါတယ်။
ဥရောပမှာ ငြိမ်းချမ်းရေးတည်မြဲဖို ယူကရိန်း၊ အမေရိကန်၊ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံရေးတင်းမာမှုတွေ ဆက်လက်မဖြစ်ပေါ်ရေး၊ ပြန်လည်ဖွဲ့စည်းပုံတွေ အာဏာရှင်ဆန့်ကျင်ရေးတို့အကြောင်း၊ ယူကရိန်းကို ဂရုတစိုက်ထောက်ခံအားပေးတဲ့အတွက် ကျေးဇူးတင်အသိအမှတ်ပြုပါကြောင်း ဖော်ပြထားပါတယ်။

ဇန်နဝါရီ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ အမေရိကန်နဲ့ရုရှားတို့မှ ကိုယ်စားလှယ်တာဝန်ရှိသူတွေက ဂျီနီဗာမြို့မှာ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ရုရှား-နေတိုး(NATO) ကောင်စီတို့ရဲ့ ဆွေးနွေးပွဲ၊ ဥရောပအတွင်း လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း အစည်းအဝေးပွဲတို့ကို ဆက်လက်ပြုလုပ်သွားမှာဖြစ်ပါတယ်။

အဲဒီအစည်းအဝေးပွဲများမတိုင်မီ ရုရှားတို့အနေနဲ့ အခက်အခဲပြဿနာတွေကို ပြေလျော့အောင်ပြုလုပ်သင့်ကြောင်း ဘိုင်ဒန်က ပူတင်ကို ပြောလိုက်ပါတယ်။
ဘိုင်ဒန်အနေနဲ့ စီးပွားရေးဒဏ်ခတ်မှုတွေ ပြုလုပ်ပါက ရုရှားနဲ့အမေရိကန်ကြားဆက်ဆံရေး ပျက်စီးသွားလိမ့်မယ်လို့ ပူတင်က သတိပေးခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြံပေးအရာရှိက ပြီးခဲ့တဲ့အပတ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

နေတိုး(NATO)အဖွဲ့အနေနဲ့ ယူကရိန်းနဲ့ ဆိုဗီယက်နိုင်ငံဟောင်းတွေနားကို နယ်မြေတိုးချဲ့မလာဖို့ ရုရှားစစ်အစိုးရအာဏာပိုင်တွေက တိုက်တွန်းပြောကြားထားပါတယ်။
အဲဒီအနားတဝိုက်က နိုင်ငံတွေမှာ မဟာမိတ်စစ်တပ်အဖွဲ့ကထားရှိတဲ့ တိုက်ခိုက်ရေးလက်နက်ပြင်ဆင်မှုများကိုလည်း ဖယ်ရှားပေးဖို့ ရုရှားတို့က တောင်းဆိုထားပါတယ်။

ဘိုင်ဒန်က နိုင်ငံရေးတင်းမာမှုများ လျှော့ချနိုင်ဖို့ သံတမန်ရေးရာဆောင်ရွက်ချက်များကို ထောက်ခံကြောင်းဖော်ပြလိုက်ပြီး ယူကရိန်းရဲ့အချုပ်အခြာအာဏာ၊ နယ်မြေပိုင်ဆိုင်မှုကို ကာကွယ်ရန် အမေရိကန်ရဲ့ကတိကဝတ်ပြုချက်ကို ထပ်မံအတည်ပြုပြောကြားခဲ့ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့ပါတယ်။
Source: Reuters