Published- 21 July 2021

အာရှရဲ့ရေပြင်ပေါ်မှာ သူတို့ရဲ့ စစ်သင်္ဘောနှစ်စီးကို အမြဲတမ်း တပ်ဖြန့်ချထားတော့မယ်လို့ အင်္ဂါနေ့မှာ ဗြိတိန်က ကြေညာ ပါတယ်။  စက်တင်ဘာလတုန်းက သူတို့ရဲ့ ကွင်းအဲလစ်ဇဘက် လေယာဉ်တင်သင်္ဘောနှင့် အစောင့်အကြပ်သင်္ဘောတွေကို  တရုတ်က အမေရိကန်နှင့်ဂျပန်တို့ကို အန်တုဖက်ပြိုင်နေတဲ့ ပင်လယ်တွေထဲကို စေလွှတ်ပြီးနောက်ပိုင်း ဗြိတိန်က ယခုလို ကြေညာလိုက်တာဖြစ်ပါတယ်။

ဗြိတိန်ဟာ ဂျပန်နှင့် လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးကို နက်နက်ရှိုင်းရှိုင်းဆောင်ရွက်နေတဲ့အလျောက် ဒီလို အစီအစဉ်ပေါ် ထွက်လာတာပါ။  တိုကျိုက ပြီးခဲ့တဲ့လများအတွင်း တရုတ်ရဲ့ ဒေသအတွင်း ပိုင်နက်ဆိုင်ရာပြင်းပြနေတဲ့ဆန္ဒတွေအပေါ်  စိုးရိမ်ပူပန်မှုတွေကြီးထွားနေပါတယ်။

တိုက်ခိုက်ရေးအုပ်စုရဲ့ အဖွင့်တပ်ဖြန့်မှုတွေပြီးတဲ့နောက်  ယူနိုက်တက်ကင်းဒမ်းအနေနဲ့ ဒေသတွင်းကို ဒီနှစ်ကုန်ပိုင်းလောက်ကစပြီး သင်္ဘောနှစ်စီး အမြဲတမ်းဖြန့်ကျက်ချထားပါမယ်” လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့စ် က ဂျပန်ကာကွယ်ရေးဝန်ကြီး နိုဘိုကီရှီနှင့်အတူ တိုကျိုမှာထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာပြောထားပါတယ်။

အဲဒီစစ်သင်္ဘောတွေရောက်လာရင် ကွင်းအဲလစ်ဇဘက်နှင့်အစောင့်အကြပ်သင်္ဘောတွေကို အမေရိကန်နှင့် ဂျပန်ရေတပ်အခြေစိုက်စခန်းတွေရှိတဲ့ ဂျပန်ကျွန်းစုတစ်လျောက်က ဆိပ်ကမ်းတွေဆီပို့ဆောင်မယ်လို့သိရပါတယ်။

အဲဒီကြေညာချက်ကို အမေရိကန်ပင်တဂွန်စစ်ဌာနချုပ်က ချီးကျူးလိုက်ပါတယ်။

“ မဟာမိတ်တွေနှင့်မိတ်ဖက်တွေရဲ့ အချင်းချင်းချိတ်ဆက်ကွန်ယက်တစ်ခုအပေါ်ကတိကဝတ်ပြုလိုက်ခြင်းဖြစ်ပြီး  အင်ဒိုပစိဖိတ်ဒေသမှာ အချင်းချင်းပူးပေါင်းဆောင်ရွက်မှု၊ လွတ်လပ်စွာရေကြောင်းသွားလာမှုကိုထောက်ခံအားပေးမှုနှင့် စည်းမျဉ်းအခြေပြအစီအစဉ်တစ်ခုဖြစ်တယ်” လို့ ပင်တဂွန်ကပြောပါတယ်။

အမေရိကန်ရဲ့ အနီးကပ်မဟာမိတ်ဖြစ်တဲ့ ဂျပန်ဟာ  အမေရိကန်ပြင်ပမှာ အမေရိကန်တပ်ဖွဲ့အကြီးမားဆုံးကို လက်ခံ ထားရှိနေပါတယ်။ အဲဒီအထဲမှာ စစ်သင်္ဘောတွေ၊လေယာဉ်တွေနှင့် ကမ်းတက်တပ်သားထောင်ပေါင်းများစွာလည်း ပါဝင်ပါတယ်လို့ ရိုက်တာသတင်းဌာနကရေးသားပါတယ်။

 

F-35B ဂျက်လေယာဉ်တွေကိုတင်ဆောင်လာတဲ့ ဗြိတိန်ရဲ့လေယာဉ်တင်စစ်သင်္ဘောဟာ  ယိုကိုဆုကာမှာဆိုက်ကပ်မှာ ဖြစ်ပါတယ်။ အဲဒီနေရာဟာ ဂျပန်ရဲ့ရေတပ်သင်္ဘောစုအခြေစိုက်ရာနှင့် အမေရိကန်လေယာဉ်တင်သင်္ဘော ယူအက်စ် အက်စရော်နယ်လ်ရီဂင်ဆိုက်ကပ်ထားရာဖြစ်ပါတယ်။

ဗြိတိန်ရဲ့တော်ဝင်စစ်သင်္ဘောတွေ မည်သည့်ဆိပ်ကမ်းကနေ အလုပ်လုပ်ကြမလဲဟု ရိုက်တာကမေးမြန်းသည့် အပေါ် တိုကျိုရှိ ဗြိတိန်သံရုံးမှ ပြောရေးဆိုခွင့်ရသူက “ဗြိတိန်သင်္ဘောများအတွက် အမြဲတမ်းအခြေစိုက်ရာနေရာရှိလိမ့်မည်မဟုတ်ပါ” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ကွင်းအဲလိဇဘက်ကို အမေရိကန်နှင့် နယ်သာလန်တို့က ဒက်စထရွိင်ယာနှစ်စီး၊ ဖရီးဂိတ်နှစ်စီးနှင့် အထောက်အကူပြုရေယာဉ်နှစ်စီးစောင့်ကြပ်လာတာဖြစ်ပြီး  ဂျပန်နိုင်ငံကို တောင်တရုတ်ပင်လယ်ဖြစ်ပြီး ခုတ်မောင်းလာမှာလို့ သတင်းကရေးသားထားပါတယ်။

ဂျပန်နိုင်ငံကို စစ်တိုင်းမှူးတွေပါတဲ့ ကိုယ်စားလှယ်အဖွဲ့နှင့်အတူသွားရောက်ခဲ့တဲ့ ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဝေါလေ့စ်က သူတို့အနေနဲ့ ကမ်းယပ်တုန့်ပြန်ရေးအုပ်စုတစ်စုကိုလည်း ဖြည်းဖြည်းချင်းဖြန့်ကျက်ချထားပေးမယ်လို့ပြောပါတယ်။ အဲဒီအုပ်စု ဟာ  ကယ်ဆယ်ရေးနှင့် အကြမ်းဖက်နှိမ်နှင်ရေးစစ်ဆေင်ရေးတွေအတွက် အထူးလေ့ကျင့်ထားတဲ့ ကမ်းတက်တပ်ဖွဲ့ဖြစ်ပါတယ်။

(ပုံစာ-ဗြိတိန်ကာကွယ်ရေးဝန်ကြီးနှင့်ဂျပန်ဝန်ကြီးချုပ် ဆူဂါးတို့ ဇူလိုင်၂၀ရက်က တိုကျိုတွင် တွေ့ဆုံစဉ် )

Source: Reuters