Published: 6 December 2021

ကိုဗစ်-၁၉ရောဂါြဖစ်စေတဲ့ အိုမီခရွန်မျိုးဗီဇကွဲဟာ ယင်းရဲ့ သန္ဓေပြောင်းမှုအနည်းဆုံးတစ်ခုမှာ အခြားဗိုင်းရပ်စ်တစ်ခု ဖြစ်နိုင်တာက ကူးစက်ခံရတဲ့ ဆဲလ်ထဲမှာ ရှိနေတဲ့ သာမာန်အအေးမိအဖျားဗိုင်းရပ်စ် ဆီက မျိုးဗီဇပစ္စည်းတစ်ခုကို ကောက်ယူလိုက်ပုံရတယ်လို့ သုတေသနပညာရှင်တွေက ပြောကြားလိုက်ကြပါတယ်။

ယင်းရဲ့ မျိုးဗီဇအစီအစဉ်ဟာ ယခင်စောစောပိုင်းကိုရိုနာဗိုင်းရပ်စ်မျိုးကွဲမှာ ပေါ်ပေါက်ခြင်းမရှိခဲ့ပါဘူး။ ဒါပေမယ့်  ယင်းကို သာမာန်အအေးမိအဖျားဗိုင်းရပ်စ်နှင့် လူသားမျိုးဗီဇစု အပါအဝင် အခြား ဗိုင်းရပ်စ်တော်တော်များများမှာတော့ အနှံ့အပြားတွေ့ရတယ်လို့ သုတေသနပညာရှင်တွေကပြောပါတယ်။

အဲဒီလိုထည့်သွင်းပေါင်းစပ်ရင်းနှင့် အိုမီခရွန်ဟာ သူ့ကိုယ်သူလူသားနှင့်ပိုတူအောင်လုပ်ခဲ့တာဖြစ်နိုင်ပါတယ်၊ အဲဒါကြောင့်လည်း လူသားရဲ့ခုခံအားစနစ်ရဲ့ပြန်လည်တိုက်ခိုက်မှုကို ရှောင်ကွင်းနိုင်စေတာဖြစ်ပါလိမ့်မယ်လို့ သုတေသနကို ဦးဆောင်ခဲ့တဲ့ မာဆက်ချူဆက်အခြေပြုသတင်းအချက်အလက်သုံးသပ်ကုမ္ပဏီ nferenceက ဗင်ကီဆောင်ဒရာရာဂျန်က ပြောပါတယ်။

အဲဒါကြောင့် ဗိုင်းရပ်စ်ဟာ ကူးစက်ရပိုလွယ်တယ်။ပြီးတော့ အပျော့စားရောဂါလက္ခဏာ၊ဒါမှမဟုတ် ရောဂါလက္ခဏာမပြတဲ့ သဘောဖြစ်တယ်လို့ဆိုပါတယ်။ သိပ္ပံပညာရှင်တွေကတော့ အိုမီခရွန်ဟာ အခြားမျိုးကွဲတွေထက် ပိုပြီးကူးစက်သလား၊ပိုပြီး ရောဂါပြင်းထန်သလား၊ ဒယ်လ်တာကို ကျော်တက်မှာလားဆိုတာကိုတော့ မသိကြသေးပါဘူး။အဲဒီအဖြေတွေရရှိဖို့က ရက်သတ္တပတ်ပေါင်းများစွာ အချိန်ယူရပါဦးမယ်။

အဆုတ်နှင့် အစာအိမ်နှင့်အူလမ်းကြောင်းစနစ်ထဲက ဆဲလ်တွေဟာ SARS-CoV-2နှင့် သာမာန်အအေးမိဖျား ကိုရိုနာဗိုင်းရပ်စ်တွေကို တစ်ပြိုင်တည်း လက်ခံနိုင်ကြပါတယ်။အဲဒါက ဗိုင်းရပ်စ်တွေပြန်လည် ပေါင်းစပ်ခြင်းကိုဖြစ်စေနိုင်ပါတယ်။

အဲဒီသန္ဓေပြောင်းလဲမှုဟာ ကိုဗစ်ရော၊အအေးမိဖျားရော နှစ်မျိုးစလုံးကူးစက်နေတဲ့ လူတစ်ဦးဆီမှာ ဖြစ်ခဲ့နိုင်ပါတယ်လို့ ပညာရှင်အချင်းချင်းမသုံးသပ်ရသေးတဲ့ သုတေသနစာတမ်းကိုရေးသားခဲ့ကြတဲ့ ဆောင်ဒရာရာဂျန်နှင့် လုပ်ဖော်ကိုင်ဖက် တွေကပြောကြပါတယ်။

လူတွေက အအေးမိအဖျာလို့သိကြတဲ့ HCoV-229E ကိုဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်တစ်မျိုးနှင့် ခုခံအားကျဆင်းမှုကိုဖြစ်စေတဲ့ HIV ဗိုင်းရပ်စ်တွေဆီမှာ အဲဒီမျိုးဗီဇအစီအစဉ်ကို မကြာခဏမြင်တွေ့ရတတ်ပါတယ်။

အိုမီခရွန်ကိုပထမဆုံးတွေ့တဲ့ တောင်အာဖရိကဟာ HIVကူးစက်နှုန်းအမြင့်ဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။ အဲဒီရောဂါက ခုခံအားကိုကျဆင်းစေတဲ့အတွက် အအေးမိအဖျားအပါအဝင် အခြားရောဂါတွေ အလွယ်တကူဝင်ရောက် နိုင်ပါတယ်။အဲဒီမှာ လူတော်တော်များများဟာ ဗိုင်းရပ်စ်နှစ်ခုပေါင်းစပ်သွားပြီး အိုမီခရွန်ဖြစ်လာပုံရတယ်လို့ ဆောင်ုရာရာဂျန်းက ပြောပါတယ်။

ဒါပေမယ့် အိုမီခရွန်ရဲ့ မူလဇာစ်မြစ်ကိုနှင့် သူတို့ရဲ့လုပ်ဆောင်မှုနှင့်ကူးစက်မှုတွေကို သိရဖို့ သုတေသနတွေထပ်လုပ်ဖို့ လိုပါတယ်။ အခြားအပြိုင်တွေးဆချက်က အိုမီခရွန်ဟာ တိရိစ္ဆာန်တစ်ကောင်ကောင်ဆီမှာ အချိန်အတိုင်းအတာတစ်ခု အထိ ရှိပြီး အသွင်ပြောင်းလာနိုင်တယ်ဆိုတဲ့ ယူဆချက်ပဲဖြစ်ပါတယ်။

အခုအသစ်တွေ့ရှိချက်က လူတွေအနေနှင့် လက်ရှိကိုဗစ်ကာကွယ်ဆေးရရှိနိုင်မှုဘယ်လောက်အရေးကြီးနေပြီလဲဆိုတာကို မီးမောင်းထိုးပြလိုက်တာပဲလို့ သူကပြောပါတယ်။

Source: Reuters