Published 14 July 2021
ဟောင်ကောင်အက်ရှင်ရုပ်ရှင်စူပါစတားလည်းဖြစ် ဘေဂျင်းကိုထောက်ခံတဲ့ နိုင်ငံရေးသမားလို့လည်း သိထားကြတဲ့ ဂျက်ကီချန်းက တရုတ်ကွန်မြူနစ်ပါတီကိုဝင်လိုကြောင်းပြောကြားခဲ့တယ်လို့ ဂလိုဘယ်တိုင်းမ်ရဲ့သတင်းကို ကိုးကားပြီး ကျိုဒိုသတင်းဌာနက တနင်္လာနေ့က ရေးသားခဲ့ပါတယ်။
၂၀၁၃ခုနှစ်ကတည်းက ဂျက်ကီချန်းဟာ တရုတ်ပြည်သူ့နိုင်ငံရေးအကြံပေးကွန်ဖရင့်အဖွဲ့ဝင်ဖြစ်ခဲ့ပါတယ်။ အဲဒီအဖွဲ့ဟာ တရုတ်အစိုးရကို အရေးကြီးကိစ္စတွေနှင့်ပတ်သက်ပြီးအကြံပေးတဲ့ ထိပ်တန်းအကြံပေးအဖွဲ့ကြီးတစ်ခုဖြစ်ပါတယ်။
ပြီးခဲ့တဲ့ကြာသပတေးနေ့က ဘေဂျင်းမှာပြုလုပ်ခဲ့တဲ့ဖိုရမ်တစ်ခုမှာ သူက “ အာဏာရပါတီရဲ့အောင်မြင်ကြီးမြတ်မှုကို ကျွန်တော်မြင်နိုင်တယ်။ ပါတီကပြောတဲ့အတိုင်းလုပ်ပေးတယ်။ လွန်ခဲ့တဲ့နှစ်၁၀၀မှာပေးခဲ့တဲ့ကတိရော ပြီးခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်မှာပေးခဲ့တဲ့ကတိတွေရောပေါ့” လို့ သူကပြောခဲ့တာဖြစ်ပါတယ်။
“ ကျွန်တော် ပါတီဝင်တစ်ဦးဖြစ်ချင်ပါတယ်” လို့သူကဖြည့်စွက်ပြောပါတယ်။
အဲဒီဖိုရမ်က တရုတ်ရုပ်ရှင်လုပ်ငန်းက အတွင်းပိုင်းလူတွေကိုဖိတ်ကြားပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ တရုတ်ကွန်မြူနစ် ပါတီ ရာပြည့်ပွဲမှာပြောကြားခဲ့တဲ့ မိန့်ခွန်းအပေါ်အမြင်တွေပြောခိုင်းတာဖြစ်ပါတယ်။
ချန်းရဲ့မှတ်ချက်ဟာ ဟောင်ကောင်က အထက်တန်းလွှာတွေရဲ့ ပါတီအပေါ်အပြုသဘောအမြင်တွေနှင့် နားလည်မှုတွေ တိုးပွားလာနေတာလို့ ဂလိုဗယ်တိုင်းမ်မှာ ပညာရှင်တွေကပြောကြားခဲ့တာကို ဂျပန်သတင်းဌာန ကျိုဒိုကပြန်လည်ရေးသားခဲ့ပါတယ်။
Ref: Kyodo News