#World_News
Published 23 April 2024


မြေငလျင်လှုပ်ခတ်မှုကြီး ခံခဲ့ရတဲ့ ထိုင်ဝမ်အရှေ့ဘက်ခရိုင်ဟွေလျန်မှာ တနင်္လာနေ့နောက်ပိုင်းနဲ့ အင်္ဂါနေ့အစောပိုင်းတို့မှာ နောက်ဆက်တွဲ ငလျင်တွေ များစွာ လှုပ်ရှားမှုများ ရှိခဲ့ပေမယ့် အသေးစားထိခိုက်မှုသာ ရှိခဲ့တယ်လို့ သိရကာ ဆားကစ်ပြားကုမ္ပဏီ TSMC လည်း လုပ်ငန်းလည်ပတ်ရေးမှာ ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။

 

နေရာအများစု ကျေးလက်ဆန်ပြီး လူဦးရေနည်းပါးတဲ့ ဟွေလျန်ဟာ ဧပြီ ၃ ရက်နေ့က အင်အား ၇.၂ အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး အနည်းဆုံး လူ ၁၄ ဦးသေဆုံးကာ နောက်ဆက်တွဲ ရိုက်ခတ်ချက်ပေါင်း တစ်ထောင်ကျော်ရှိထားပါတယ်။

 

မြို့တော်ထိုင်ပေအပါအဝင် ထိုင်ဝမ် မြောက်ပိုင်း၊ အရှေ့ပိုင်း၊ အနောက်ပိုင်းတို့မှ အဆောက်အအုံတွေဟာ တစ်ညလုံးယိမ်းခါနေခဲ့ပါတယ်။

 

နောက်ဆက်တွဲ ရိုက်ခတ်ချက်တွေက နောက်ထပ်ဆက်ဖြစ်နိုင်သေးပြီး ပြင်းထန်ဖွယ်တော့ မရှိဘူးလို့ မြေငလျင်တိုင်းတာရေးဌာန ညွှန်ကြားရေးမှူး ဝူချီယင်ဖူက သတင်းထောက်တွေကို ပြောပြခဲ့ပါတယ်။

 

ထိုင်ဝမ်ဒေသတစ်ခုလုံးမှာ ယခုအပတ်အတွင်း မိုးသည်းထန်မယ်လို့ ခန့်မှန်းထားသဖြင့် ဟွေလျန်မှလူတွေကတော့ နောက်ထပ်ဒုက္ခတွေအတွက် ပြင်ဆင်ရဖို့ရှိနေပါတယ်။

 

ဧပြီ ၃ ရက်နေ့က ထိခိုက်ခဲ့တဲ့ အဆောက်အအုံ ၂ ခုကို လူမနေထိုင်အောင် ရှင်းလင်းထားပြီးဖြစ်ကာ တိုက်က စောင်းနေပြီလို့ ဟွေလျန်မီးသတ်ဌာနက ဆိုပါတယ်။

 

ကမ္ဘာပေါ်မှာ ဆားကစ်ပြားထုတ်လုပ်ရာ အကြီးမားဆုံးကုမ္ပဏီဖြစ်တဲ့ TSMC စက်ရုံတွေဟာ ထိုင်ဝမ်ကျွန်းရဲ့ အနောက်ဘက် ကမ်းရိုးတန်းမှာတည်ရှိပြီး စက်ရုံအချို့မှ ဝန်ထမ်းတွေကို ကယ်ထုတ်ထားကာ ဘေးကင်းလုံခြုံရေးစနစ်တွေကတော့ ပုံမှန်လုပ်ဆောင်နေပြီး အားလုံးဘေးကင်းတယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။

 

အချို့လမ်းတွေမှာ ကျောက်တုံးများပြုတ်ကျလာသဖြင့် ပိတ်ထားရကာ အစိုးရက ရုံးတွေနဲ့ ကျောင်းတွေကို ခေတ္တပိတ်ခိုင်းထားပါတယ်။

 

ထိုင်ဝမ်ဟာ မြေကြီးအပေါ်ယံလွှာ ၂ ခုဆုံရာအနီးမှာ တည်ရှိနေတာကြောင့် မြေငလျင်ဒဏ် ခံစားရလေ့ရှိပါတယ်။

 

#World_News #နောက်ဆက်တွဲမြေငလျင်များစွာထပ်မံလှုပ်ရှား #ကြီးကြီးမားမားထိခိုက်ပျက်စီးခြင်းမရှိ #Source: Reuters