Published 23 April 2024

ရေဓာတ်ပြည့်ဝစွာ နေထိုင်ဖို့က အလွန်အရေးကြီးပြီး ရေလုံလောက်စွာ မသောက်ဘူးဆိုရင် ကျန်းမာရေး အကျိုးဆက်တွေ ဖြစ်လာနိုင်ပါတယ်။

ခန္ဓာကိုယ်မှ ချွေး၊ ဆီးတို့ကနေ ရေဓာတ်များ ဆုံးရှုံးနေပြီး ပြန်လည်ဖြည့်တင်းဖို့ လိုအပ်ပါတယ်။

တစ်နေ့တာအတွင်း ရေဘယ်လောက်လောက် သောက်သုံးသင့်သလဲ၊ အခြားသောက်စရာတွေကကော ရေဓာတ်ထဲ ထည့်တွက်သင့်သလားလို့ စဥ်းစားစရာ ရှိပါတယ်။

NHS Eatwell ရဲ့လမ်းညွှန်ချက်အရ တစ်နေ့ကို ရေ ၆ ခွက်မှ ၈ ခွက်အထိ သောက်သုံးသင့်ပါတယ်။

ဒါဟာ ရေတစ်လီတာခွဲမှ နှစ်လီတာအထိ ရှိနေပါတယ်။

ဥရောပအစားအစာ ဘေးကင်းရေးအဖွဲ့က အမျိုးသားတွေဟာ တစ်နေ့ကို ရေ ၂ လီတာ၊ အမျိုးသမီးတွေကတော့ ၁.၆ လီတာ သောက်သုံးသင့်တယ်လို့ ၂၀၁၀ ခုနှစ်က အကြံပြုခဲ့ပါတယ်။

သာမန်ရေသန့်ဗူးတစ်ဗူးမှာ ရေ ၅၀၀ မီလီလီတာပါဝင်သလို ရေလိုအပ်ချက်က အကြောင်းအရာ အမျိုးမျိုးကြောင့် ကွဲပြားနိုင်ပါတယ်။

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေက တစ်နေ့ကို ရေ ၃၀၀ မီလီလီတာလောက် ပိုမိုလိုအပ်ပြီး နို့တိုက်မိခင်တွေကတော့ ၇၀၀ မီလီလီတာလောက် ပိုမိုလိုအပ်နိုင်ပါတယ်။

အားကစား၊ လေ့ကျင့်ခန်းတို့ ပြုလုပ်ပြီးတဲ့အခါ ချွေးထွက်ရာကနေ ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြည့်ပေးဖို့ လိုအပ်ပါတယ်။

လက်ဖက်ရည်၊ အကြမ်းရည်၊ သကြားမပါတဲ့ ကော်ဖီတို့ဟာလည်း ရေဓာတ်ဖြည့်ပေးတယ်လို့ ထည့်တွက်ရမှာ ဖြစ်ပါတယ်။

အရက်ကတော့ ရေဓာတ်ဖြည့်တယ်လို့ ထည့်စဥ်းစားလို့မရဘဲ ဆီးပိုသွားစေပါတယ်။

ရေကို လုံလောက်စွာ မသောက်တဲ့အခါ ရေဓာတ်ခန်းခြောက်လာနိုင်ပါတယ်။

ရေငတ်ခြင်း၊ ဆီးက ဝါရင့်ရင့် အနံ့ပြင်းခြင်း၊ ခေါင်းမူးဝေခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ပါးစပ် နှုတ်ခမ်း မျက်လုံးများ ခြောက်သွေ့ခြင်း၊ ဆီးသွားနည်းခြင်းတို့က ရေဓာတ်ခန်းခြောက်တဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။
Source: Metro
#World_Health
#Published_ 23 April 2024
#YMG_News #Yangon_Times #Yangon_Media_Group