၁၈ ဧပြီ ၂၀၂၄

အစ္စရေးလ်ကို အီရန်တိုက်ခိုက်တာဟာ အကျိုးအကြောင်း ဆီလျော်ပြီး တရားဝင်ဖြစ်ကာ ဒေသတွင်းတင်းမာမှု မြင့်တက်စေလိုခြင်း မရှိဘူးလို့ အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ နက်ဆာကန်နာနီက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။

အီရန် မီဒီယာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားရာမှာ ကန်နာနီက အီရန်လုပ်ရပ်ဟာ တရားဝင် ကိုယ်ပိုင်ကာကွယ်ခွင့်ရှိတယ်ဆိုတဲ့ ကုလသမဂ္ဂ ပဋိဉာဥ်စည်းမျဥ်း အပိုဒ် ၅၁ နဲ့ ကိုက်ညီပြီး ဆီးရီးယားရှိ အီရန်ကောင်စစ်ဝန်ရုံးကို အစ္စရေးလ်တို့ တိုက်ခိုက်ခဲ့တဲ့အပေါ် တုန့်ပြန်တာဖြစ်တယ်လို့ ဆိုပါတယ်။

‘’အီရန်က ဒေသတွင်းတင်းမာမှု မြင့်တက်လိုခြင်းမရှိပါဘူး။ ကုလသမဂ္ဂ ပဋိဉာဥ်စည်းမျဥ်းများ၊ နိုင်ငံတကာဥပဒေများနဲ့အညီ ပြုလုပ်ခဲ့တာ ဖြစ်တယ်ဆိုတာကို အလေးပေးပြောလိုပါတယ်’’ လို့ ပြောကြားသွားပါတယ်။

ဧပြီ ၁ ရက်နေ့ ဆီးရီးယားရှိ အီရန်ကောင်စစ်ဝန်ရုံးကို အစ္စရေးလ်တိုက်ခိုက်ခဲ့တဲ့အပေါ် တုန့်ပြန်တဲ့အနေနဲ့ အီရန်တို့က အစ္စရေးလ်ဘက်ကို ဒရုန်း ၁၇၀၊ ပဲ့ထိန်းဒုံးကျည် ၃၀ ကျော်၊ တိုက်ချင်းပစ်ဒုံးကျည် ၁၂၀ ကျော်တို့ဖြင့် ပြန်လည်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

မတိုက်ခိုက်ခင်တစ်ရက်မှာ အီရန် အစ္စလာမ်တော်လှန်ရေး အစောင့်တပ်(IRGC)က ပါရှန်ပင်လယ်ကွေ့မှာ အစ္စရေးလ်ဆက်စပ်တဲ့ ကုန်တင်သင်္ဘောတစ်စီးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကာ အခုဆိုရင် အီရန်ရှိ ဘန်ဒါအက်ဘာဆိပ်ကမ်းအနီးမှာ ကမ်းကပ်ထားပုံကို မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ထိုသင်္ဘောဟာ အစ္စရေးလ်အစိုးရပိုင်ဖြစ်ပြီး နိုင်ငံတကာ ပို့ဆောင်ရေးစည်းမျဥ်းတွေကို ချိုးဖောက်ခဲ့တာကြောင့် ထိန်းသိမ်းခဲ့တာ ဖြစ်တယ်လို့ ကန်နာနီက ဆိုပါတယ်။

ဆီးရီးယားမှာ အစ္စရေးလ်တိုက်ခိုက်ဖို့ကို အမေရိကန်က ခွင့်ပြုတဲ့အတွက် အမေရိကန်မှာလည်း တာဝန်ရှိတယ်လို့ ဆိုသွားပါတယ်။