ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယိုဂူတာရက်စ်က စစ်ပွဲပဋိပက္ခ ပိုမိုပြင်းထန် လာနိုင်တဲ့အန္တရာယ်နဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကို ဧပြီ ၁၄ ရက်နေ့က သတိပေးလိုက်ပါတယ်။

ဆီးရီးယားရှိ အီရန်ကောင်စစ်ဝန်ရုံးကို အစ္စရေးလ်တိုက်ခိုက်တဲ့အပေါ် အီရန်က လက်စားချေတဲ့အနေဖြင့် ပြီးခဲ့တဲ့ သီတင်းပတ်အကုန်က အစ္စရေးလ်ကို ဒုံးကျည်များ ဒရုန်းများဖြင့် ပစ်ခတ်ခဲ့တဲ့အကြောင်း ဂူတာရက်စ်က ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

တစ်ကမ္ဘာလုံးက နောက်ထပ်စစ်ပွဲတွေ ဖြစ်လာမှာကို မခံစားနိုင်တော့ဘဲ အရှေ့အလယ်ပိုင်း ဒေသဟာလည်း စစ်ပွဲကြီးဖြစ်တော့မယ့် အနေအထား ရောက်နေပြီဖြစ်ပြီး အခုက တင်းမာမှုလျှော့ချရမယ့် အချိန်ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

အီရန်က အစ္စရေးလ်ကို ပစ်ခတ်တာတွေကိုရော အစ္စရေးလ်ဘက်ကလို့ စွပ်စွဲခံထားရတဲ့ အီရန်သံရုံးကို တိုက်ခိုက်မှုကိုရော ဂူတာရက်စ်က ရှုတ်ချလိုက်ပါတယ်။

အရှေ့အလယ်ပိုင်းမှာ စစ်ရေးထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်လာနိုင်တဲ့ လုပ်ရပ်မှန်သမျှ မပြုလုပ်ရန် အရေးကြီးကြောင်း ဆိုလိုက်ကာ ဂါဇာမှာ လူသားချင်းစာနာမှု ချက်ချင်းအပစ်အခတ် ရပ်စဲရေးကိုလည်း ထပ်မံတောင်းဆိုလိုက်ပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့ အီရန်ကို တတ်နိုင်သမျှ အရေးယူပိတ်ဆို့မှုများ ချမှတ်ပေးဖို့ ကုလသမဂ္ဂဆိုင်ရာ အစ္စရေးလ်သံအမတ် ဂျီလက်အာဒန်က လုံခြုံရေးကောင်စီကို လျှောက်တင်ခဲ့ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အီရန်သံတမန် အေမီယာဆာအိဒ်ကတော့ ယင်းတို့ဟာ ကိုယ်တိုင်ကာကွယ်ပိုင်ခွင့်အတိုင်း ကျင့်သုံးနေတာဖြစ်တယ်လို့ တုန့်ပြန်လိုက်ပါတယ်။

Source: WION