Published 13 April 2024
အီရန်က သိပ်မကြာခင် အချိန်မှာပဲ အစ္စရေးလ်ကို တိုက်ခိုက်လိမ့်မယ်လို့ မျှော်မှန်းရကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သောကြာနေ့မှာ ပြောကြားလိုက်ပြီး ဒီလိုတိုက်ခိုက်ခြင်း မပြုဖို့လည်း အီရန်ကို သတိပေးလိုက်ပါတယ်။
သတင်းထောက်တွေက မေးမြန်းရာမှာ အီရန်အနေဖြင့် တိုက်ခိုက်ခြင်း မပြုရန်နဲ့ အမေရိကန်က အစ္စရေးလ်ကို ကူညီကာကွယ်သွားဖို့ သန္နိဌာန်ချထားတဲ့ အကြောင်းကို ဘိုင်ဒင်က  အလေးပေးဖြေကြားခဲ့ပါတယ်။
‘’အစ္စရေးလ်ကို ကာကွယ်ဖို့ ဆုံးဖြတ်ထားပါတယ်။ အစ္စရေးလ်ကို ထောက်ပံ့သွားပါမယ်။ အစ္စရေးလ်ဘက်ကနေ ကူညီကာကွယ်သွားမှာ ဖြစ်ပြီး အီရန်အောင်မြင်မှာ မဟုတ်ပါဘူ’’ ပြောကြားသွားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ဆီးရီးယားနိုင်ငံ ဒါမတ်စ်ကပ်စ်ရှိ အီရန်သံရုံးဝင်း တိုက်ခိုက်ခံရတဲ့အတွက် လက်စားချေမယ်ဆိုတဲ့ သတိပေးသံတွေ ထွက်ပေါ်လာကာ အီရန်နဲ့ အပေါင်းအပါတွေ တိုက်ခိုက်လာနိုင်တာကို အစ္စရေးလ်ဘက်က ပြင်ဆင်ထားရပါတယ်။
အဆိုပါ ဧပြီ ၁ ရက်နေ့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အစ္စရေးလ်တို့က ယင်းတို့မဟုတ်ဘူးလို့ ဆိုထားပေမယ့် အီရန်နိုင်ငံ အကြီးအကဲ အိုင်ယာတိုလာအလီခါမနယ်က အစ္စရေးလ်ကို လက်တုန့်ပြန်အပြစ်ပေးရမယ်လို့ ကြိမ်းဝါးထားပါတယ်။
ခိုင်လုံတဲ့ အချက်အလက်ကို ထုတ်ဖော်မှာမဟုတ်ပေမယ့် အီရန်က မကြာခင်မှာ တိုက်ခိုက်လာလိမ့်မယ်လို့ ဘိုင်ဒင်က ထင်နေပါတယ်။
အီရန်ဘက်က တိုက်ရိုက်တိုက်ခိုက်လာမှာကို ရင်ဆိုင်ရန် ပြင်ဆင်တဲ့အနေနဲ့ ထိုဒေသမှာရှိတဲ့ အမေရိကန်တပ်တွေနဲ့ အစ္စရေးလ်တပ်တွေကို ကာကွယ်ဖို့အတွက် အမေရိကန်က စစ်သင်္ဘောများကို အလျင်စလို နေရာချထားပါတယ်။
အီရန်တွေ တိုက်ခိုက်လာနိုင်တဲ့ နေရာနဲ့အချိန်အကြောင်း နီးစပ်တဲ့သတင်းရင်းမြစ်က သတိပေးလာပြီးနောက် အမေရိကန်က အခုလို ပြင်ဆင်လာတာ ဖြစ်ပါတယ်။
တိုက်ခိုက်ဖို့အကြောင်း ဆွေးနွေးနေကြပေမယ့် နောက်ဆုံးပိတ် ဆုံးဖြတ်ချက်တော့ မချရသေးဘူးလို့ သိရပါတယ်။
အိန္ဒိယ၊ ပြင်သစ်၊ ပိုလန်၊ ရုရှားအပါအဝင် နိုင်ငံအချို့က ထိုဒေသသို့ ခရီးသွားလာခြင်းမပြုရန် နိုင်ငံသားများကို သတိပေးထားပါတယ်။
Source: Reuters