၇ ဧပြီ ၂၀၂၄

အီကွေဒေါနိုင်ငရှိ မက္ကဆီကိုသံရုံးကို အီကွေဒေါ လုံခြုံရေးတပ်ဖွဲ့များက သောကြာနေ့ညပိုင်းမှာ စီးနင်းဝင်ရောက်ပြီး ဒုတိယ  သမ္မတ   ဟောင်း ဂျော့ဂလက်စ်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် မက္ကဆီကိုနိုင်ငံက အီကွေဒေါနှင့် သံတမန်အဆက်အသွယ်ဖြတ်  တောက်ကြောင်း ကြေညာလိုက်ပါတယ်။

အီကွေဒေါလုံခြုံရေးတပ်ဖွဲ့ဟာ အီကွေဒေါနိုင်ငံ မြို့တော် ကွီတိုမှာရှိတဲ့  မက္ကဆီကိုသံရုံးထဲမှာ အီကွေဒေါနိုင်ငံက ဖမ်းဝရမ်း   ထုတ်ထားတဲ့  အီကွေဒေါဒုတိယသမ္မတဟောင်း  ဂျော့ဂလက်စ်ကို ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ကြတာဖြစ်ပါတယ်။

မက္ကဆီကို သမ္မတ အင်ဒရကစ်မန်နျူယယ်လိုပက် အိုဘရာဒါက အီကွေဒေါနှင့်သံတမန်ဖြတ်တောက်ဖို့ သူ့နိုင်ငံခြားရေးဝန်ကြီးကို ညွှန်ကြားခဲ့ပါတယ်။ “ ဒီလိုလုပ်ဆောင်တာဟာ နိုင်ငံတကာဥပဒေနှင့် မက္ကဆီကိုရဲ့ အချုပ်အခြာအာဏာကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်တယ်” လို့ အိုဘရာဒါကပြောပါတယ်။

ဒုသမ္မတ ဂလက်စ်ဟာ ဒုက္ခသည်တစ်ဦးဖြစ်ပြီး သူရင်ဆိုင်နေရတဲ့ ညှင်းပန်းနှိပ်စက်ခံရမှုနှင့် အနှောက်အယှက်ပေးခံရမှုတွေ ကြောင့် ခိုလှုံခွင့်ရဖို့ကြိုးစားနေသူဖြစ်တယ်လို့ မက္ကဆီကို သမ္မတ အိုဘရာဒါကပြောပါတယ်။

အီကွေဒေါသမ္မတရုံးက ဂလက်စ်ကိုဖမ်းဆီးတာမှန်ကန်ကြောင်း အိတ်စ် X မှာ အတည်ပြုပါတယ်။

“ မည်သည့်ရာဇဝတ်သားကိုမျှ နိုင်ငံရေးအရညှင်းပန်းနှိပ်ကွပ်ခံရတဲ့သူလို့ မသတ်မှတ်နိုင်ဘူး”လို့ သမ္မတရုံးကပြောပါတယ်။ ဂလက်စ်ဟာ အဂတိလိုက်စားမှု နှစ်ကြိမ်ကျူးလွန်ခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခံရသူဖြစ်တယ်။ပြီးတော့ သက်ဆိုင်တဲ့အာဏာပိုင်အဖွဲ့က ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်တယ်” လို့ အီကွေဒေါသမ္မတရုံးကဆက်ပြောပါတယ်။

ဗိုလစ်ဗီးယား၊ချီလီနှင့်ဘရာဇီးလ်တို့ကလည်း အီကွေဒေါလုပ်ရပ်ကိုရှုံ့ချထားကြပါတယ်။ ဟွန်ဒူးရပ်စ်နိုင်ငံကလည်း လက်တင်အမေ ရိကန်နှင့် ကာရစ်ဘီးယားနိုင်ငံများအဖွဲ့ အရေးပေါ်အစည်းအဝေးခေါ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

မက္ကဆီကိုနိုင်ငံက သောကြာနေ့ စီးနင်းဝင်ရောက်ဖမ်းဆီးမှုမတိုင်ခင်ကလေးတင်မှာ ဂလက်စ်ကို နိုင်ငံရေးခိုလှုံခွင့်  ပေးခဲ့တာ   ဖြစ်ပါတယ်။ မက္ကဆီကိုနိုင်ငံခြားရေးဝန်ကြီးဌာနက  ဂလက်စ်အနေနှင့် အီကွေဒေါကနေ ဘေးကင်းလုံခြုံစွာထွက်ခွာခွင့် ရရှိရေး  ကြိုးစားစီစဉ်နေဆဲမှာ ယခုလို အီကွေဒေါလုံခြုံရေးတပ်ဖွဲ့က သံရုံးထဲဝင်ရောက်စီးနင်းကာ သူတို့ရဲ့ ဒုသမ္မတဟောင်း ဂလက်စ်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပါတယ်။

Source : Agencies News

@ymg/knl