၁၁ မတ် ၂၀၂၄

ဘူဒါပက်စ် , မတ် ၁၁ (ရိုက်တာ) - အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်အနေဖြင့် သမ္မတအဖြစ် ထပ်မံအရွေးခံရပါက  ယူကရိန်းကို ရုရှားနှင့်တိုက်ခိုက်ရန် ငွေကြေးထုတ်ပေးတော့မည်မဟုတ်ကြောင်းနှင့် ယင်းကြောင့် စစ်ပွဲကို မြန်မြန်အဆုံးသတ် သွားစေလိမ့်မည်ဖြစ်ကြောင်း ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာ အော်ဘန်က ထရမ့်နှင့်တွေ့ဆုံအပြီး ပြောကြားလိုက်ပါတယ်။

ဟန်ဂေရီရဲ့ အမျိုုးသားရေးဝါဒီ အော်ဘန်ဟာ သူ့ရဲ့ ကာလရှည်ကြာမဟာမိတ်တစ်ဦးဖြစ်တဲ့ ထရမ့်ကို အိမ်ဖြူတော်ပြန်လာစေဖို့ ထောက်ခံအားပေးနေသူဖြစ်ပြီး သူဟာ ထရမ့်နှင့် သောကြာနေ့က ဖလော်ရီဒါမှာတွေ့ဆုံခဲ့ပါတယ်။

“ သူဟာ ယူကရိန်း-ရုရှားစစ်ပွဲထဲသို့ ပိုက်ဆံတစ်ပြားတစ်စေ့တောင် ထုတ်ပေးတော့မှာမဟုတ်ဘူး။ အဲဒါကြောင့် စစ်ပွဲလည်း ပြီးသွားလိမ့်မယ်” လို့ အော်ဘန်က တနင်္ဂနွေညတွင် ဟန်ဂေရီနိုင်ငံပိုင်ရုပ်သံမှာပြောကြားပါတယ်။

“ ယူကရိန်းဟာ သူ့ခြေထောက်ပေါ်သူ မရပ်တည်နိုင်ဘူးဆိုတာ သိပ်ထင်ရှားတယ်” လို့သူကပြောပါတယ်။

“ တကယ်လို့ အမေရိကန်ကသာ ပိုက်ဆံနှင့်လက်နက်တွေ မပေးဘူးဆိုရင် ၊ ဥရောပကလည်း အလားတူပဲဆိုရင် စစ်ပွဲက ပြီးသွားလိမ့်မယ်။ အကယ်၍ အမေရိကန်တွေက ဥရောပသားတွေကိုပိုက်ဆံမပေးရင် သူတို့ကလည်း သူတို့ပိုက်ဆံနှင့်သူတို့ စစ်ပွဲကိုထောက်ပံ့နိုင်မှာမဟုတ်ဘူး။ အဲသလိုဆိုလည်း စစ်ပွဲပြီးမှာပဲ” လို့ သူကဆက်ပြောပါတယ်။

အော်ဘန်ဟာ ကိဗ်ကို လက်နက်တွေပေးပို့ဖို့ ငြင်းဆန်ခဲ့သူဖြစ်ပါတယ်။ ၂၀၂၂မှာ ရုရှားတပ်တွေ ယူကရိန်းကို ကျူးကျော်ပြီး ကတည်းက ဟန်ဂေရီဟာ မော်စကိုနှင့် စီးပွားရေးအရ နီးနီးကပ်ကပ်ဆက်ဆံနေပါတယ်။ ဥရောပသမဂ္ဂက မော်စကိုကို ဝိုင်း ကြဉ်ဖို့ကြိုးပမ်းအားထုတ်နေတဲ့ကြားက အော်ဘန်ဟာ အောက်တိုဘာလတုန်းက ရုရှားသမ္မတ ဗလက်ဒီမာ ပူတင်နှင့် တရုတ်မှာ တွေ့ဆုံခဲ့ပါတယ်။

စစ်ပြေငြိမ်းပြီးနောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်အတူ စစ်ပွဲက ဘယ်လိုပြီးသွားမလဲဆိုတာနှင့် တည်ငြိမ်လုံခြုံတဲ့ ဥရောပကို ဘယ်လိုဖန်တီးမလဲဆိုတာတွေက နောက်ထပ်ကိစ္စတစ်ခုဖြစ်ပြီး ပထမဆုံးငြိမ်းချမ်းရေးရဖို့ပဲဖြစ်တယ်။ ထရမ့်ကလည်း အဲသလိုမျိုးသဘောပေါက်ထားတယ်” လို့ သူကဆက်ပြောပါတယ်။

ထရမ့်ရဲ့ မဲဆွယ် အဖွဲ့ရဲ့ထုတ်ပြန်ချက်ထဲမှာတော့ သူတို့နှစ်ဦးဟာ နှစ်နိုင်ငံကိစ္စတွေနှင့် နယ်စပ်လုံခြုံရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့သာဖော်ပြထားပြီး ယူကရိန်းကို ဖော်ပြထားခြင်းမရှိပါဘူး။

ထရမ့်သာ လာမယ့်သမ္မတဖြစ်ရင် ယူကရိန်းနှင့် နေတိုးရဲ့ အတ္တလန်တစ်ဖြတ်ကျော်စစ်ရေးမဟာမိတ်တွေကို အမေရိကန်ရဲ့ ထောက်ခံအားပေးမှုတွေ မှေးမှိန်လျော့ပါးသွားမှာကို ဥရောပခေါင်းဆောင်တွေက သောကပွေနေကြပါတယ်။

Source Reuters