Published 06 February 2024

အင်္ဂလန်နိုင်ငံမှ ဘုရင်ချားလ်စ်ဟာ ကင်ဆာရောဂါတစ်မျိုး ဖြစ်နေတယ်လို့ တွေ့ရှိခဲ့သဖြင့် ကုသမှုခံယူရန် တွေ့ဆုံဆွေးနွေးမှုများ ရွှေ့ဆိုင်းသွားမယ်လို့ ဘက်ကင်ဂမ်နန်းတော်က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။

ဒါပေမဲ့ နန်းတက်သက်တမ်း ၁၈ လမပြည့်သေးတဲ့ ဘုရင်ချားလ်စ်က ရောဂါနဲ့ပတ်သက်ပြီး ထိတ်လန့်နေတဲ့ပုံ မပေါ်ပါဘူး။

အသက် ၇၅ နှစ်ရှိပြီဖြစ်တဲ့ ချားလ်စ်ဟာ ဘုရင်မကြီး အယ်လိဇဘက် နတ်ရွာစံပြီးနောက် ၂၀၂၂ စက်တင်ဘာလမှာ ဘုရင်ဖြစ်လာခဲ့ပါတယ်။

ဘုရင်ဟာ ကုသမှုများ စတင်ခံယူနေပြီဖြစ်ပြီး တာဝန်ဝတ္တရားများကို အမြန်ဆုံးပြန်လည် ထမ်းဆောင်ရန် မျှော်လင့်နေတယ်လို့ နန်းတော်က ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့လက ဆီးကျိတ်အဖု ပြန်ပြင်ခြင်းလုပ်ဆောင်ခဲ့တဲ့ ဆေးရုံမှာ ၃ ညနေခဲ့ရပြီးနောက် ကင်ဆာအကြောင်း ဖော်ပြလာတာ ဖြစ်ပါတယ်။

ဆေးရုံမှာရှိနေစဥ် နောက်ထပ်အခြေအနေတစ်ခု စိုးရိမ်းစရာ တွေ့ရှိခဲ့ရပေမယ့် ကင်ဆာတစ်မျိုးရှိတယ်လို့ စစ်ဆေးတွေ့ရှိတာကလွဲပြီး နောက်ထပ် အသေးစိတ်အချက်အလက်များ မဖော်ပြခဲ့ပါဘူး။

ဒီကာလအတွင်း ဘုရင်မင်းမြတ်ဟာ တိုင်းပြည်စီးပွားရေးနဲ့ တရားဝင်အလုပ်များကို ပုံမှန်အတိုင်း ဆက်လက်ပြုလုပ်သွားမှာ ဖြစ်ပါတယ်လို့ ပြောကြားလိုက်ပါတယ်။

ချားလ်စ်ဘုရင်က ဝန်ကြီးချုပ် ရီရှီဆူနက်ခ်နဲ့ ဆက်လက်တွေ့ဆုံသွားမှာဖြစ်ပြီး ဘုရင်မ ကာမယ်လာကလည်း သူမတာဝန်များအတိုင်း ဆက်လက်ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။

တော်ဝင်မိသားစုတွေဟာ သူတို့ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ထိန်းသိမ်းပြောဆိုလေ့ရှိပေမယ့် ချားလ်စ်ကတော့ လက်ရှိကုသမှုများနဲ့ ပတ်သက်ပြီး ဖွင့်ဟပြောဆိုထားပါတယ်။

ဩစတြေးလျနဲ့ ကနေဒါခေါင်းဆောင်များက ဘုရင်ကြီး အလျင်အမြန် သက်သာလာစေရန် ဆုမွန်ကောင်းတောင်းပေးကြပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ချားလ်စ်ရဲ့ ကျန်းမာရေးအကြောင်းကို ကြားသိပြီး စိုးရိမ်ပူပန်နေရကြောင်းနဲ့ နောက်ပိုင်းကျရင် ဖုန်းခေါ်ပြောကြားရန် စီစဥ်ထားကြောင်း ပြောပြခဲ့ပါတယ်။
Source: Reuters
#World_News
#Published_ 6 February 2024
#YMG #Yangon_Times #Yangon_Media_Group