၂၁ ဇန်နဝါရီ ၂၀၂၄

အမေရိကန်လုပ် ကိုဗက် စစ်သင်္ဘော HTMS Sukhothai ပြန်လည်ဆယ်ယူရာတွင် တရုတ်ကုမ္ပဏီတစ်ခုပါဝင် ပတ်သက်နေသည်ဟူသည့် သတင်းများနှင့်ပတ်သက်၍ ထိုင်းတော်ဝင်ရေတပ်ကို အမေရိကန်ပြည်ထောင်စုက သတိပေးစာ ပေးပို့ထားသည်။

 အဆိုပါသတိပေးစာကို  ၂၀၂၄ဘတ်ဂျက်သုံးသပ်ရေး အောက်လွှတ်တော်ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သူ ရှေ့သို့ချီပါတီ၏ ဘန်ကောက်လွှတ်တော်အမတ် ချာရာဖွန်ဆာတွန်ဒီက ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

မစ္စတာ ချာရာဖွန်၏ အဆိုအရ  အဆိုပါစာကို ထိုင်းနိုင်ငံရှိ အမေရိကန်ပြည်ထောင်စုစစ်ရေးအကြံပေးပူးတွဲအုပ်စုက ရေးသား ပေးပို့ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။ ၂၀၂၂ခုနှစ် ဒီဇင်ဘာ ၁၈ရက်က ထိုင်းပင်လယ်ကွေ့တွင် အဆိုပါ ထိုင်းရေတပ်ပိုင်သင်္ဘော နစ်မြုပ်ပြီးကတည်းက အမေရိကန်၏ စိုးရိမ်ပူပန်မှုအပေါ် ထိုင်းရေတပ်က တုန့်ပြန်မှုမပြုခဲ့သေးဟု ရေးသားဖော်ပြထားသည်။  သင်္ဘောနစ်မြုပ်မှုကြောင့် သင်္ဘောသား ၁၀၆ဦးအနက် (၂၄)ဦး သေဆုံးခဲ့ကာ ငါးဦးပျောက်ဆုံးနေပြီး ထိုပျောက်ဆုံးသူများ သေဆုံးသွားပြီဟု ယူဆရသည်။

ထိူင်းနိုင်ငံရှိ အမေရိကန်၏ စစ်ရေးကိစ္စများကို ကြီးကြပ်ရသည့်အဖွဲ့သည် သင်္ဘောနစ်မြုပ်ပြီး တစ်လအကြာတွင် ထိုင်းရေတပ်ကို ဆက်သွယ်ခဲ့ပြီး ၁၉၈၇ခုနှစ်ကတည်းက အမှုထမ်းခဲ့သည့် အဆိုပါသင်္ဘောပျက်ကို မည်ကဲ့သိုဆယ်ယူမည် ဆိုသည့် အစီအစဉ်နှင့်ပတ်သက်၍ မေးမြန်းခဲ့သည်။ ပြန်စာမရရှိသေးသည့်အတွက် ပြီးခဲ့သည့် ဒီဇင်ဘာ (၁)ရက်က နောက်ထပ် စာတစ်စောင်ထပ်ပို့ခဲ့ခြင်းဖြစ်သည်ဟု မစ္စတာ ချာရာဖွန်ကပြောသည်။

တရုတ်မိတ်ဖက်ကုမ္ပဏီနှင့်အတူတွဲလုပ်မည့် ထိုင်းကန်ထရိုက်တာကုမ္ပဏီတစ်ခုကို သင်္ဘောဆယ်ယူရန် ရွေးချယ်ထားသည် ဟူသောသတင်းများထွက်ပေါ်ပြီးနောက်  ထိုင်းရေတပ်ကို အမေရိကန်နှင့်သဘောတူညီချက်လိုက်နာရန် ထိုဒုတိယစာတွင် တိုက်တွန်းထားသည်။

သဘောတူညီချက်မှာ အမေရိကန်ထုတ်သင်္ဘောများကို ဆယ်ယူဖို့ရှိလာပါက ထိုင်းရေတပ်သည်  အမေရိကန်အစိုးရထံ ဆယ်ယူမည့်ကန်ထရိုက်တာကို အတည်ပြုချက်ရယူရမည်ဟုဖော်ပြပါရှိသည်ဟု မစ္စတာ ချာရာဖွန်ကပြောသည်။

အကယ်၍ ထိုင်းရေတပ်သည် အဆိုပါပဋိညာဉ်ကို ချိုးဖောက်ပါက  ထိုင်းနိုင်ငံနှင့်အမေရိကန်အကြား နိုင်ငံခြား စစ်ပစ္စည်း‌ ရောင်းချမှုအပေါ် အကျိုးသက်ရောက်မှာဖြစ်ကြောင်း သူကဆက်ပြောပြသည်။

မည်သို့ဆက်လုပ်ရမည်ကို စဉ်းစာနေသည်ဟု ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အက်ဒမ်ဖန်အမ်ကပြောသည်။

တကယ်လို့ အမေရိကန်က ဆယ်ယူရေးမှာပါဝင်မယ်ဆိုရင် ဆယ်ယူဖို့မူလသတ်မှတ်ထားတဲ့ ဧပြီလထက် နောက်ကျသွားနိုင် တယ်ဟု အမည်မဖော်လိုသူ သတင်းအရင်းအမြစ်ကပြောသည်။

ထိုင်းရေတပ်သည် စစ်သင်္ဘော ဆယ်ယူရေးတွင် ဘတ်ငွေ ၁၉၉သန်းဖြင့် ဆောင်ရွက်ပေးမည့် ကန်ထရိုက်တာကိုတွေ့ရှိပြီး ဖြစ်သော်လည်း အတည်ပြရန် ဆိုင်းငံ့ထားဆဲဖြစ်သည်။

-ymg/knl

#Thailand_navy

#HTMS_Sukhothai

#yangonmediagroup