#World_News
Published 01 January 2024


 ဒိန်းမတ်ဘုရင်မကြီး မာဂရတ်(၂)ဟာ ထီးနန်းစွန့်ပြီး သားဖြစ်သူ အိမ်ရှေ့မင်းသား ဖရက်ဒရစ်ကို ထီးနန်းလွှဲပြောင်းပေးတော့မှာ ဖြစ်ကြောင်း ဒီဇင်ဘာ ၃၁ ရက်နေ့က ကြေညာခဲ့ရာ အားလုံးအတွက် အံ့အားသင့်စရာသတင်း ဖြစ်ခဲ့ပါတယ်။

 

နှစ်သစ်ကူးအကြိုနေ့ ဒိန်းမတ်ရုပ်သံဌာနမှ ထုတ်လွှင့်တဲ့ မိန့်ခွန်းမှာပြောကြားခဲ့ရာ ဇန်နဝါရီ ၁၄ ရက်နေ့မှာ ထီးနန်းစွန့်မယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

 

ဘုရင်မကြီးရဲ့ အသက်အရွယ်နဲ့ ကျန်းမာရေးပြဿနာများကြောင့် ဒီလိုလုပ်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

ဗြိတိန်ဘုရင်မကြီး အယ်လိဇဘက်(၂) ကွယ်လွန်ပြီးနောက် ဘုရင်မကြီး မာဂရတ်(၂)ဟာ သက်တမ်းအရှည်ဆုံးနဲ့ နောက်ဆုံးအုပ်ချုပ်နေတဲ့ ဘုရင်မဖြစ်နေပါတယ်။

 

သူမထီးနန်းမှာအုပ်ချုပ်နေတဲ့ ရာစုနှစ်ဝက်လောက်အတွင်း ဒိန်းမတ်တော်ဝင်မျိုးနွယ်များကို ခေတ်မီအောင် ပြုလုပ်နိုင်ခဲ့တဲ့အတွက် အသက် ၈၃ နှစ်အရွယ် ဘုရင်မကြီးဟာ ဂုဏ်ပြုခံထားရပါတယ်။

 

ဒီမတိုင်ခင်ကတော့ မာဂရတ်ဟာ ထီးနန်းဘယ်တော့မှ မစွန့်လွှတ်ဘူးလို့ အကြိမ်ကြိမ် ပြောကြားခဲ့ပါတယ်။

 

ဒါပေမဲ့ ဖေဖော်ဝါရီလက ပြုလုပ်ခဲ့တဲ့ ကျောခွဲစိတ်မှုကြောင့် နောက်မျိုးဆက်ကို ထီးနန်းလွှဲဖို့ အချိန်တန်ပြီလားဆိုတာ အတွေးဝင်လာခဲ့တယ်လို့ ဆိုပါတယ်။

 

ဘုရင်မကြီးဟာ ဒိန်းမတ်နိုင်ငံမှာ အထူးကျော်ကြားလှပြီး အဓိကအချက်က နိုင်ငံရေးမဆန်တာကြောင့် ဖြစ်တယ်လို့ သမိုင်းပညာရှင် လားစ်ဟိုဗက်ဘက်ဆိုရင်ဆင်က AFP သတင်းဌာနကို ပြောကြားသွားပါတယ်။

 

မာဂရတ်ဟာ ပန်းချီပညာ၊ ဝတ်စုံနဲ့ ဒီဇိုင်းပညာတို့ တတ်မြောက်ထားပြီး တော်ဝင်ဒိန်းမတ်ဘဲလေး၊ တော်ဝင်ဒိန်းမတ်ကဇာတ်ရုံတို့နဲ့ အကြိမ်ကြိမ် တွဲလုပ်ခဲ့ဖူးပါတယ်။

 

ကိမ်းဘရစ်ချ်တက္ကသိုလ်နဲ့ ပဲရစ်ရှိ ဆိုဘွန်နေးတက္ကသိုလ်တို့မှာ ပညာသင်ယူခဲ့ပြီး အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမနီ၊ ဆွီဒင်ဘာသာစကားတို့ကို ကျွမ်းကျင်တတ်မြောက်ထားပါတယ်။

 

ဒါပေမဲ့ အားလုံးထဲမှာမှ ဆေးရေးခြယ်ခြင်းနဲ့ ပန်းချီဆွဲခြင်းတို့ကတော့ လူစိတ်ဝင်စားမှုအများဆုံး ရခဲ့ပါတယ်။

 

#World_News #ဒိန်းမတ်ဘုရင်မကြီးမာဂရတ်(၂) #ထီးနန်းစွန့်တော့မည် #Source: WION