Published 15 December 2023

အလုံးစုံကျန်းမာရေး ကောင်းမွန်စေဖို့ သက်သက်လွတ်စားခြင်းနဲ့ အသားစားခြင်းတို့ရဲ့ သက်ရောက်မှုတွေအကြောင်း ငြင်းခုံနေကြရာမှာ မကြာသေးမီက လေ့လာမှုတစ်ခု ပြုလုပ်ခဲ့ပြီး အသီးအရွက်စားသုံးခြင်းရဲ့ အားသာချက်တွေအပေါ် ရလဒ်တွေက ယိမ်းယိုင်လာပါတယ်။

စတန်းဖို့ဒ်တက္ကသိုလ်မှ သုတေသီတွေက အရွယ်ရောက်ပြီးသား အမွှာ ၂၂ တွဲကို လေ့လာကာ အမွှာတစ်ယောက်ကို သက်သက်လွတ်စားစေပြီး နောက်အမွှာတစ်ဦးကိုတော့ အသားနဲ့အရွက် အစုံပါတဲ့ အစားအစာကို စားသုံးစေခဲ့ပါတယ်။

၂ လကြာအောင် လေ့လာခဲ့ပြီး အမွှာ ၂ ယောက်စီတိုင်းရဲ့ ကိုလက်စ်ထရောလ်ပမာဏ၊ သကြားဓာတ်ပမာဏ၊ အင်ဆူလင်၊ ခန္ဓာကိုယ်အလေးချိန်စသဖြင့် နှလုံးသွေးကြော ကျန်းမာရေးတို့ကို နှိုင်းယှဥ်ခဲ့ကြပါတယ်။

ထိုအခါမှာ သက်သက်လွတ်စားတဲ့ အမွှာက သိသိသာသာ ကိုယ်အလေးချိန် ကျဆင်းခဲ့ပြီး မကောင်းတဲ့ ကိုလက်စ်ထရောလ်ပမာဏ၊ အင်ဆူလင်ပမာဏတို့လည်း ပိုမိုလျော့နည်းသွားခဲ့ပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အပင်အခြေပြု စားစရာတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစုံပါစားစရာနဲ့ ယှဥ်ရင် နှလုံးကာကွယ်ရေးမှာ သိသိသာသာ အကျိုးပြုစေတယ်လို့ ဖော်ပြခဲ့ကြပါတယ်။

သက်သက်လွတ်စားသုံးသူများဟာ အပင်များမှ ရရှိတဲ့ ဟင်းသီးဟင်းရွက်၊ အစေ့အဆန်၊ အခွံမာသီး၊ အသီးတို့ကိုသာ စားသုံးပြီး တိရိစ္ဆာန်အသားများနဲ့ နို့ထွက်ပစ္စည်းများ စားသုံးခြင်းမှ ရှောင်ရှားကြတာ ဖြစ်ပါတယ်။
Source: India Today
#World_Health
#Published 15 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group