Published 13 December 2023 

 
ညလယ်မှာ အိပ်ရာမှနိုးလာပြီး ပြန်အိပ်ပျော်ဖို့ ခက်ခဲနေတာမျိုး ကြုံနေကြရသူတွေ ရှိပါတယ်။ 
 
၁၇ ရာခိုင်နှုန်းသော အရွယ်ရောက်ပြီးသူတွေဟာ နေ့ရက်အတော်များများမှာ အိပ်ပျော်ရန် ခက်ခဲနေကြကြောင်း ရောဂါထိန်းချုပ် ကာကွယ်ရေးစင်တာက ၂၀၂၀ အချက်အလက်များကို ဖော်ပြထားပါတယ်။ 
 
ဆန်ဖရန်ဆစ္စကိုမှ အိပ်စက်ခြင်းကျန်းမာရေး ပညာရှင် ဒေါက်တာ ဘီကွမ်လောင်က ခန္ဓာကိုယ်တွင်း လည်ပတ်မှုကောင်းမွန်စေတဲ့ အိပ်ရာဝင်စမတ်မျက်နှာဖုံးကို ထုတ်လုပ်ထားပြီး ညဘက်မှာ အိပ်ရာနိုးရတဲ့ အကြောင်းအရင်းများနဲ့ သက်သာစေရန် နည်းလမ်းများကို မျှဝေခဲ့ပါတယ်။ 
 
အိပ်စက်မှုပိုင်းဆိုင်ရာ ပြဿနာအကြောင်းအရင်းတွေက ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှု၊ မအီမသာဖြစ်ခြင်း၊ နာကျင်ခြင်း၊ ပြင်ပပတ်ဝန်းကျင် အခြေအနေများကြောင့် ဖြစ်နိုင်ပါတယ်။ 
 
ညလယ်ရောက်မှ နိုးလာတဲ့အခါ အိပ်ရာထဲမှာပဲ ဆက်နေပြီး စိတ်ပြေလျော့ကာ ပြန်အိပ်ပျော်မလားဆိုပြီး ကြိုးစားကြည့်သင့်တယ်လို့ ဆိုပါတယ်။ 
 
၁၀ မိနစ် ၁၅ မိနစ်နေတဲ့အထိ အိပ်မပျော်သေးဘူးဆိုရင်တော့ အိပ်ရာထဲကထပြီး တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာသို့သွားကာ စိတ်ပြေလျော့စေတဲ့ စာဖတ်ခြင်းလိုမျိုး အပြုအမူ ပြုလုပ်သင့်ကြောင်း ဆိုပါတယ်။ 
 
ညလယ် အိပ်ရာနိုးတဲ့အခါ ဘယ်နှနာရီရှိပြီလဲဆိုတာကို ကြည့်တာက စိတ်ဖိစီးမှုကိုတိုးစေပြီး ပြန်အိပ်ပျော်ဖို့ ပိုမိုခက်ခဲစေပါတယ်။ 
 
ဖုန်းထဲကနေ နာရီကြည့်မိရင်လည်း ဖုန်းထဲက အကြောင်းအရာတွေကြောင့် ပိုမိုဆိုးရွားသွားပါတယ်။ 
 
ညလယ်မှာ အိပ်ရာနိုးတာဟာ ခန္ဓာကိုယ်တွင်း အချိန်လည်ပတ်မှုဖြစ်စဥ်က အိပ်ချိန်နဲ့ မကိုက်ညီလို့ဖြစ်တယ်လို့ ဘီကွမ်လောင်က ပြောပြပါတယ်။ 
 
အိပ်စက်မှုနဲ့ ပတ်သက်ပြီး အဓိက ၂ ချက်က ညအစောပိုင်းအချိန်ဟာ အိပ်ချင်တဲ့ဆန္ဒများလာပြီး စတင်အိပ်ပျော်စေရန် အကူအညီဖြစ်စေပါတယ်။ 
 
ညနှောင်းပိုင်းမှာတော့ ကိုယ်တွင်းအချိန်လည်ပတ်မှုကနေ အိပ်ပျော်ခြင်းကို ဆက်လက်ထောက်ပံ့ပေးပါတယ်။ 
 
ကိုယ်တွင်းအချိန်လည်ပတ်မှု အပြည့်အဝမစတင်မီမှာ အိပ်စက်ချင်တဲ့ဆန္ဒ မှေးမှန်သွားပါက ညလယ်မှာ နိုးလာတတ်ပါတယ်။ 
 
ကိုယ်တွင်း အချိန်လည်ပတ်မှုကို ထိန်းညှိစေနိုင်မယ့် နည်းလမ်းအချို့ကတော့ နေ့စဥ်အချိန်မှန် အိပ်ရာထခြင်း၊ အလင်းရောင်နဲ့ အချိန်မှန်ထိတွေ့ခြင်း၊ စားသောက်ချိန်ပြောင်းလဲခြင်း၊ မယ်လာတိုနင် ဖြည့်စွက်စာစားသုံးခြင်း၊ နေ့အချိန်တွေမှာ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ နံနက်ခင်းမှာ ကော်ဖီကို သင့်တင့်ရုံ သောက်သုံးခြင်းတို့ ဖြစ်ပါတယ်။ 
Source: New York Post. 
#World_Health
#Yangon_Media_Group
#YMG_News #Yangon_Times