Published 19 November 2023

အိမ်တွင်းနည်းလမ်းများ အသုံးပြုတဲ့ ကိုဗစ်လူနာတွေဟာ အိမ်တွင်းနည်းလမ်းများ အသုံးမပြုသူများထက် ဆေးရုံတက်ကုသခံယူရမှုနှုန်း နည်းပါးကြောင်း သုတေသီများ တွေ့ရှိထားပါတယ်။

ဆားရေပလုတ်ကျင်းခြင်း၊ နှာခေါင်းသန့်စင်ခြင်းတို့ဟာ အကုန်အကျသက်သာပြီး အလွယ်တကူ ပြုလုပ်နိုင်ကြောင်း တက္ကဆပ် ကျန်းမာရေးသိပ္ပံတက္ကသိုလ်မှ သုတေသနပြုစုသူ ဂျင်မီအက်စ်ပီနိုဇာက ပြောပြသွားပါတယ်။

ကိုဗစ်ရောဂါ ကူးစက်ခြင်းရဲ့ ဝေဒနာဒဏ်များ ခံစားရနိုင်သူတွေဟာ သက်ကြီးရွယ်အိုများ၊ ကိုယ်ခံအားနည်းသူများ ဖြစ်ပြီး သာမန်ထက်ပိုတဲ့ စောင့်ရှောက်ကုသမှုများ လိုအပ်ပါတယ်။

ပုံမှန်အရည်သောက်သုံးခြင်း၊ အနားယူခြင်း၊ ဆေးဝါးများအသုံးပြုခြင်းတို့ဖြင့် ရောဂါလက္ခဏာများ သက်သာစေနိုင်ပါတယ်။

လက်ဖက်ကြမ်းခြောက်ကို ပျားရည်နဲ့ ပူပူနွေးနွေး သောက်သုံးတာက လည်ချောင်းနာခြင်းနဲ့ ချောင်းဆိုးခြင်းကို သက်သာစေသလို ရေနွေးဖြင့်ရေချိုးခြင်း၊ လေသန့်စင်စက် အသုံးပြုခြင်းတို့ဖြင့် ရင်ဘတ်ကြပ်ခြင်းကို သက်သာစေနိုင်ပါတယ်။

တမာရွက်က ဓာတ်တိုးဆန့်ကျင်ခြင်းနဲ့ ရောင်ရမ်းမှုကျစေခြင်း အာနိသင်ရှိကာ ဗိုင်းရပ်စ်ကို ခန္ဓာကိုယ်ဆဲလ်တွေနဲ့ မပေါင်းစည်းနိုင်အောင် တားဆီးပေးပါတယ်။

တမာရွက် ပြုတ်သောက်ခြင်းဖြင့် ကိုဗစ်ရောဂါကို ကာကွယ်နိုင်တယ်လို့လည်း ၂၀၂၂ ခုနှစ်က ဂါနာမှာ လေ့လာတွေ့ရှိခဲ့ပါတယ်။

လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်ခြင်းကလည်း အသက်ရှူလမ်းကြောင်း ရောဂါကူးစက်ခြင်းကို လျှော့ချပေးနိုင်တယ်လို့ ပညာရှင်များ ထောက်ပြထားပါတယ်။

ဒါ့အပြင် အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်များ၊ အသီးဖျော်ရည်များဟာလည်း ရောဂါကာကွယ်နိုင်တဲ့ နည်းလမ်းများ ဖြစ်ပါတယ်။

ယင်းတို့မှာပါဝင်တဲ့ အာဟာရဓာတ်များက ရောဂါပိုးမွှားတွေကို တိုက်ထုတ်ပေးတဲ့ ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးပါတယ်။

အဆိုပါ အိမ်တွင်းကုထုံးနည်းလမ်းတွေဟာ ဆေးရုံဆေးခန်းများမှ စောင့်ရှောက်ကုသမှုများကို အစားမထိုးနိုင်တာကို သိရှိထားရန်လိုအပ်ပါတယ်။

၂၀၂၀ မှ ၂၀၂၂ အတွင်း ဆားရေပလုတ်ကျင်းခြင်းနဲ့ နှာခေါင်းသန့်စင်ခြင်းတို့ဖြင့် ကိုဗစ်လူနာများကို လေ့လာခဲ့ကြပါတယ်။

သာမန်အတိုင်း အကြောဆေးသွင်းသူများဟာ ဆားရေပလုတ်ကျင်းသူများထက် ဆေးရုံတက်ကုသခံယူရမှုနှုန်း ၂ ဆကျော်ပိုများကြောင်း တွေ့ရှိခဲ့ပါတယ်။

ဒီတွေ့ရှိချက်တွေကို နောက်ထပ်လေ့လာမှုများက အထောက်အကူ ပြုနိုင်တယ်ဆိုရင် ဆားရေပလုတ်ကျင်းခြင်း၊ နှာခေါင်းသန့်စင်ခြင်းတို့က သမားရိုးကျကုသနည်းလမ်းတွေမှာ ပါဝင်အားပေးနိုင်ဖွယ် ရှိနေပါတယ်။
Source: New York Post.
#World_Health
#YMG #Yangon_Times #Yangon_Media_Group