၂၇ အောက်တိုဘာ ၂၀၂၃

တရုတ်ဝန်ကြီးချုပ်ဟောင်း လီကာချန်း Li Keqiang သည် သောကြာနေ့က နှလုံးဖောက်ပြီး ကွယ်လွန်သွားပါတယ်။ သူဟာ ကွယ်လွန်ချိန်မှာ အသက် ၆၈နှစ်ရှိပြီဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟောင်းလီကာချန်းဟာ ဆယ်စုနှစ်တစ်စုအထိ ဝန်ကြီးချုပ်  လုပ်ခဲ့ရာ မှ အနားယူပြီး ၁၀လခန့်အကြာမှာ နှလုံးရောဂါကြောင့်သေဆုံးခဲ့ရတာလို့ ရိုက်တာကသတင်းဖော်ပြပါတယ်။

တစ်ကြိမ်တစ်ခါက တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင်မှုမှာ အပြိုင်ဖြစ်ခဲ့တယ်လို့ မြင်ခဲ့ကြတဲ့ လီဟာ ပြီးခဲ့တဲ့နှစ်များအတွင်း သမ္မတရှီကျင့် ဖျင်နှင့် ဘေးချင်းကပ်အတူရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။

ပီကင်းတက္ကသိုလ်မှ စီးပွားရေးဘွဲ့ရ လီကာချန်းကို လစ်ဘရယ်ဈေးကွက်စီးပွားရေးကို ထောက်ခံသူတစ်ဦးအဖြစ်မြင်ခဲ့ရပေမယ့် ရှီနှစ်သက်တဲ့ နိုင်ငံတော်ကထိန်းချုပ်တဲ့စနစ်ကို ညွတ်တိမ်းခဲ့ရသူဖြစ်တယ်လို့လည်း သတင်းကရေးသားပါတယ်။

“ ရှန်ဟိုင်းတွင် ယခုရက်များအတွင် အနားယူနေသည့် ရဲဘော်ကြီးလီကာရှန်းသည် အောက်တိုဘာ ၂၆ ရက်တွင် ရုတ်တရက် နှလုံးဖောက်လာခဲ့ပါတယ်။ သူ့ကိုအစွမ်းကုန်ကြိုးစားကုသသော်လည်း နောက်ဆုံးတွင် အောက်တိုဘာ ၂၇ ရက် ညသန်းခေါင်ယံ၌ ရှန်ဟိုင်းတွင်ကွယ်လွန်ခဲ့ပါတယ်” လို့ နိုင်ငံပိုင်ရုပ်သံ CCTV က သတင်းထုတ်ပြန်သွားပါတယ်။

မတ်လတွင် ရာထူးမှမဆင်းမီအထိ လီသည် တရုတ်နိုင်ငံဝန်ကြီးချုပ်နှင့် ဝန်ကြီးအဖွဲ့အကြီးအကဲအဖြစ် ရှီ၏ လက်အောက်တွင် ဆယ်စုနှစ်တစ်စု တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

 “ ယန်စီမြစ်နှင့် မြစ်ဝါမြစ်တို့သည် ဘယ်တော့မှနောက်ပြန်စီးဆင်းမည်မဟုတ်” လို့ သူ့ကို လူအများရှေ့နောက်ဆုံးတွေ့ရတဲ့ မတ်လ သတင်းစာရှင်းလင်းပွဲမှာ သူကပြောခဲ့ပါတယ်။

သူ့ကို တရုတ်နိုင်ငံရဲ့  အရှေ့ပိုင်း အန်ဟွေးပြည်နယ်တွင် မွေးဖွားခဲ့ပါတယ်။ သူ့ဖခင်ဟာ အစိုးရအရာရှိတစ်ဦးဖြစ်ပြီး လီဟာ ယဉ်ကျေးမှုတော်လှန်ရေးအတွင်း လယ်ကွင်းတွေထဲ အလုပ်ကြမ်းလုပ်ဖို့ စေလွှတ်ခံခဲ့ရသူဖြစ်ပါတယ်။

Source Reuters