#World_News
Published 26 October 2023


မြေပြင်ကျူးကျော်မှု ပြုလုပ်ရန် စီစဥ်နေတဲ့ အစ္စရေးလ်တို့က ဟားမတ်စ်တို့ကို ပစ်မှတ်ထားပြီး အမြောက်များဖြင့် ပစ်ခတ်ခဲ့ရာ စစ်ပွဲပဋိပက္ခက အရှေ့အလယ်ပိုင်းကို ကျော်လွန်ပြီး ပျံ့နှံ့လာနိုင်တယ်လို့ ရုရှားကသတိပေးလိုက်ကာ ကမ္ဘာ့အင်အားကြီး နိုင်ငံများကလည်း ဝိုင်းရံခံထားရတဲ့ ဂါဇာကမ်းမြောင်သို့ အရေးပေါ် လူသားချင်းစာနာထောက်ထားခြင်း အကူအညီများကို ပေးပို့မယ့်အစီအစဥ် ပျက်သုဥ်းခဲ့ပါတယ်။

 

ပါလက်စ်တိုင်းနဲ့ အစ္စရေးလ်တို့ဟာ ဘေးကင်းလုံခြုံစွာဖြင့် ဘေးချင်းကပ်လျက် ရပ်တည်ဖို့ တန်းတူညီမျှ ထိုက်တန်မှုရှိကြောင်း ဘိုင်ဒင်က ဝါရှင်တန်ရှိ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားလိုက်ပါတယ်။

 

အစ္စရေးလ်တောင်ပိုင်းကို ဟားမတ်စ်စစ်သွေးကြွများ တိုက်ခိုက်ပြီး လူပေါင်း ၁,၄၀၀ ကျော်သတ်ဖြတ်ကာ ဓားစာခံ ၂၀၀ ကျော် ခေါ်ဆောင်သွားရတဲ့ ရည်ရွယ်ချက်က အစ္စရေးလ်နဲ့ ဆော်ဒီအာရေဗျတို့ ဆက်ဆံရေး ပြန်လည်သင့်မြတ်မှုကို မလိုလားတာကြောင့် ဖြစ်မယ်လို့ ဘိုင်ဒင်က ယူဆထားပါတယ်။

 

ရုရှားသမ္မတပူတင်က ထိုပဋိပက္ခဟာ အရှေ့အလယ်ပိုင်းကို ကျော်လွန်လာနိုင်ကြောင်း သတိပေးလိုက်ကာ အခြားသူတွေ ပြုခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် ဂါဇာမှာရှိတဲ့ အပြစ်မဲ့အရပ်သားတွေ ထိခိုက်ပျက်စီးနေရတာ မဖြစ်သင့်ဘူးလို့ ဆိုလိုက်ပါတယ်။

 

အခုအချိန်မှာ အဓိကတာဝန်က အသက်တွေ သေကြေပျက်စီးနေတာကို ရပ်တန့်ဖို့ဖြစ်ကြောင်း၊ ဒီလိုမှ မရပ်တန့်နိုင်ရင် အလွန်ဆိုးကျိုးများတဲ့ နောက်ဆက်တွဲတွေ ဖြစ်ပျက်လာနိုင်ကြောင်း အရှေ့အလယ်ပိုင်း နယ်စပ်ကို ဖြတ်ကျော်လာနိုင်ကြောင်း ပူတင်က ပြောကြားသွားပါတယ်။

 

ထိုဒေသအတွင်း အမေရိကန်တပ်များကို ကာကွယ်နိုင်ရန် အမေရိကန် လေကြောင်းကာကွယ်ရေးစနစ်များ နေရာမချမချင်း ဂါဇာကိုကျူးကျော်ရန် စောင့်ဆိုင်းမယ်လို့ အစ္စရေးလ်က သဘောတူညီခဲ့ကြောင်း Wall Street ဂျာနယ်က ဖော်ပြထားပါတယ်။

 

အီရန်နဲ့ အီရန်ကျောထောက်နောက်ခံပြု အစ္စလာမ်အဖွဲ့တွေ အရှေ့အလယ်ပိုင်းရှိ အမေရိကန်တပ်များကို တိုက်ခိုက်ပြီး ပဋိပက္ခတင်းမာလာမှာကို အမေရိကန်က စိုးရိမ်နေပါတယ်။

 

ဂါဇာစစ်ပွဲက ပါလက်စ်တိုင်း နယ်နိမိတ်တွေကို ကျော်လွန်နေပြီဖြစ်ပြီး အစ္စရေးလ်တို့က ဆီးရီးယားကို လက်တုန့်ပြန်တဲ့အနေဖြင့် စစ်လေယာဥ်များဖြင့် ဗုဒ္ဓဟူးနေ့က တိုက်ခိုက်ခဲ့သလို ဆီးရီးယားမှ အလက်ပိုလေဆိပ်နဲ့ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟက်ဇ်ဘိုလာအဖွဲ့တို့ကို ပစ်မှတ်ထားပါတယ်။

 

အစ္စရေးလ်ရဲ့ အဓိကရန်သူ အီရန်ဟာ ဒေသတဝိုက် အသာစီးရဖို့အတွက် ဆီးရီးယား၊ လက်ဘနွန်တို့ရှိ လက်နက်ကိုင် အဖွဲ့အစည်းများသာမက ဟားမတ်စ်တို့ကိုလည်း ထောက်ပံ့နေခဲ့ပါတယ်။

 

နောက်ထပ် အကြောင်းအရာကတော့ ပါလက်စ်တိုင်း အရပ်သားများထံ စားနပ်ရိက္ခာ၊ ရေ၊ ဆေးဝါးများ ပေးပို့ခွင့်ရရှိရန် စစ်ပွဲယာယီရပ်ဆိုင်းရေးအတွက် အမေရိကန်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဖြေရှင်းဆုံးဖြတ်ချက်တစ်ရပ်ကို မူကြမ်းတင်ပြခဲ့ရာ တရုတ်နဲ့ ရုရှားတို့က ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့ပါတယ်။

 

ရုရှားကလည်း အပစ်အခတ် ရပ်စဲရေးအတွက် အပြိုင်တင်ပြခဲ့ပေမယ့် လိုအပ်တဲ့ အနည်းဆုံးမဲဆန္ဒ အရေအတွက် မရရှိခဲ့ပါဘူး။

 

အစ္စရေးလ်ကတော့ အဆိုပါမူကြမ်း ၂ ရပ်စလုံးကို ငြင်းဆိုကာ ဟားမတ်စ်တို့က ဒါကိုအခွင့်ကောင်းယူပြီး နောက်ထပ်အန္တရာယ်တွေ ခြိမ်းခြောက်လာလိမ့်မယ်လို့ ဆိုလိုက်ပါတယ်။

 

ဂါဇာကို အစ္စရေးလ်ကျူးကျော်မယ့် အစီအစဥ်ကို အချိန်ဆွဲဖို့ နိုင်ငံတကာက ဖိအားပေးလာရတာဟာ ဟားမတ်စ်တို့ ဖမ်းဆီးထားတဲ့ ဓားစာခံ ၂၂၀ ထဲက တဝက်လောက်ဟာ နိုင်ငံ ၂၅ နိုင်ငံမှ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများဖြစ်ပြီး အတော်များများက အစ္စရေးလ်နိုင်ငံသား ခံယူခွင့်ပူးတွဲ ကိုင်ဆောင်ထားတယ်လို့ ယူဆရပါတယ်။

 

#World_News #စစ်ပွဲဂယက်ပျံ့နှံ့ #ပူတင်သတိပေး #Source: Reuters