#World_Health
Published 24 October 2023

ဆီးချိုရောဂါအတွက် အသုံးပြုတဲ့ Mounjaro ဆေးကို အစားအစာ၊ လေ့ကျင့်ခန်းတို့နဲ့ တွဲပြီးအသုံးပြုပါက အဝလွန်တဲ့သူတွေမှာ ကိုယ်အလေးချိန် ၄ ပုံ ၁ ပုံခန့် ဒါမှမဟုတ် ပျမ်းမျှပေါင် ၆၀ ခန့်လျော့ကျစေကြောင်း လေ့လာတွေ့ရှိထားပါတယ်။

 

နှိုင်းယှဥ်တဲ့အနေနဲ့ အစားထိန်းပြီး လေ့ကျင့်ခန်းလုပ်သူတွေကို အာနိသင်မရှိတဲ့ဆေး အသုံးပြုစေရာမှာတော့ အစပိုင်းမှာ ကိုယ်အလေးချိန်ကျခဲ့ပေမယ့် နောက်ပိုင်းမှာ ပြန်တက်လာခဲ့ပါတယ်။

 

စမ်းသပ်ရလဒ်များအရ အခုအချိန်မှာ Eli Lily & Co. မှထုတ်လုပ်တဲ့ ဆေးဟာ အဝလွန်ခြင်းအတွက် အထိရောက်ဆုံး ဆေးတစ်လက် ဖြစ်နေပါတယ်။

 

Tirzepatide ထိုးဆေးကို ဆီးချိုကုသဖို့အတွက် ၂၀၂၂ မေလမှာ အမေရိကန်မှာ အသိအမှတ်ပြုခဲ့ပါတယ်။

 

Mounjaro အမည်ဖြင့်ရောင်းချကာ အဝလွန်ခြင်းအတွက် အသုံးပြုလာသူ များပြားသလို Novo Nordisk မှထုတ်လုပ်တဲ့ Ozempic နဲ့ Wegovy တို့ကိုလည်း ဝိတ်ချတဲ့နေရာမှာ သုံးစွဲလာကြပါတယ်။

 

Tirzepatide က စားသောက်ပြီးတဲ့အခါ ထွက်လာတဲ့ ဟော်မုန်း ၂ ခုကို ပစ်မှတ်ထားကာ စားသောက်ချင်စိတ်နဲ့ ပြည့်တင်းစိတ်ကို ထိန်းညှိပေးပါတယ်။

 

Eli Lily မှ ထောက်ပံ့တဲ့ စမ်းသပ်ချက်မှာ အဝလွန်တယ်လို့ သတ်မှတ်လို့ရတဲ့ လူပေါင်း ၈၀၀ ပါဝင်ခဲ့ပါတယ်။

 

စမ်းသပ်ချက် စတင်ချိန်မှာ အားလုံးရဲ့ ပျမ်းမျှအလေးချိန်က ၂၄၁ ပေါင်ရှိကာ BMI ၃၈ ရှိခဲ့ပါတယ်။

 

အစားအသောက် ထိန်းချုပ်မှုများနဲ့ လေ့ကျင့်ခန်းများ ပြုလုပ်ပြီး ၃ လအကြာမှာ လူ ၂၀၀ ခန့် စမ်းသပ်မှုမှ ထွက်ခွာသွားကြပါတယ်။

 

ကျန်တဲ့ ၆၀၀ နီးပါးကိုတော့ ၁၆ လကြာတဲ့အထိ tirzepatide ဒါမှမဟုတ် ဆေးအတုဖြင့် ထိုးပေးခဲ့ပါတယ်။

 

အစားအစာနဲ့ လေ့ကျင့်ခန်းပြုလုပ်စဥ် စမ်းသပ်ပါဝင်သူတွေဟာ ၁၇ ပေါင်နီးပါး ကျဆင်းခဲ့ကာ ဆေးထိုးတဲ့သူတွေက ၄၄ ပေါင်ပိုကျခဲ့ပြီး အာနိသင်မရှိတဲ့ဆေး ထိုးသူတွေကတော့ ၆ ပေါင်ခန့် ပြန်တက်လာပါတယ်။

 

ဘေးထွက်ဆိုးကျိုးတွေက မူးဝေခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းပိတ်ခြင်းတို့ ဖြစ်တတ်ပေမယ့် သာမန်မျှသာ ဖြစ်ပါတယ်။

 

Eli Lily က နောက်ထပ်စမ်းသပ်မှုမှာ ကိုယ်အလေးချိန်ကျတဲ့အကြောင်း ရလဒ်ရရှိရင်တော့ ထုတ်ဖော်ကြေညာသွားမှာ ဖြစ်ပါတယ်။

 

Source: India Today #World_Health #ကိုယ်အလေးချိန်ကျစေနိုင် #ဆီးချိုရောဂါ