Published 18 October 2023

ဂါဇာမြို့ဆေးရုံတစ်ခုမှ အင်္ဂါနေ့က ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ကာ လူပေါင်းရာချီ သေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားလိုက်ပါတယ်။

ထိုပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး အစ္စရေးလ်နဲ့ ပါလက်စ်တိုင်းမှ အရာရှိများက အပြန်အလှန် အပြစ်တင်နေကြကာ အနောက်ကမ်းပါးနဲ့ အရှေ့အလယ်ပိုင်းတို့မှာ ဆန္ဒပြမှုများ ဖြစ်ပေါ်လာပါတယ်။

ဟားမတ်စ်တို့ အုပ်စိုးရာ ဂါဇာကမ်းမြောင်မှ ကျန်းမာရေးအာဏာပိုင်များကတော့ အစ္စရေးလ်တို့ရဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပေါက်ကွဲမှု ဖြစ်ခဲ့တာဖြစ်တယ်လို့ ဆိုနေကြကာ အစ္စရေးလ်စစ်တပ်ဘက်ကတော့ ပါလက်စ်တိုင်း အစ္စလာမ်ဂျီဟဒ် စစ်သွေးကြွအဖွဲ့မှ ပစ်လိုက်တဲ့ဒုံးကျည် ပျက်ကျခဲ့တာကြောင့် ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

လူပေါင်းရာချီ သေဆုံးခဲ့ပြီး ကယ်ဆယ်ရေးများက အပျက်အစီးများကြားမှ အလောင်းများကို ဖယ်ထုတ်နေကြဆဲ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီး ခဏအကြာမှာပဲ လူ ၃၀၀ ခန့် သေဆုံးခဲ့တယ်လို့ ဂါဇာအရပ်ဘက်ကာကွယ်ရေး အကြီးအကဲက ဆိုခဲ့ကာ ကျန်းမာရေးဝန်ကြီးဌာနကတော့ ၅၀၀ ခန့်ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အောက်တိုဘာ ၇ ရက်နေ့ ဟားမတ်စ် စစ်သွေးကြွများ အစ္စရေးလ်တောင်ပိုင်းသို့ ဝင်ရောက်သောင်းကျန်းခဲ့ပြီးနောက်ပိုင်း အစ္စရေးလ်ဘက်မှ ဗုံးကျဲတိုက်ခိုက်လာရာ ၁၁ ရက်ကြာမြင့်နေပြီဖြစ်ကာ အင်္ဂါနေ့ ယခုပေါက်ကွဲမှု မတိုင်ခင်အထိ အနည်းဆုံးလူပေါင်း ၃ ထောင် သေဆုံးထားတယ်လို့ ဂါဇာရှိကျန်းမာရေး အာဏာပိုင်များက ပြောကြားလိုက်ပါတယ်။

လူဦးရေ ၂.၃ သန်းနေထိုင်ရာ ဂါဇာဒေသဟာ ၄၅ ကီလိုမီတာ ရှည်လျားပြီး ၂၀၀၆ ခုနှစ်ကတည်းက အစ္စလာမ် ဟားမတ်စ်စစ်သွေးကြွများ အုပ်စိုးလာတာ ဖြစ်ပါတယ်။

မည်သည့်ဘက်ကြောင့် ပေါက်ကွဲမှုဖြစ်သည်ဖြစ်စေ အစ္စရေးလ်တိုက်ခိုက်မှုများကြောင့် လူနာများသေဆုံးကာ အိုးမဲ့အိမ်မဲ့ ဖြစ်ကုန်ကြပြီး ပဋိပက္ခကို ထိန်းသိမ်းရန် ပိုမိုရှုပ်ထွေးလာနိုင်တယ်လို့ ဟားမတ်စ်တို့က ဆိုလိုက်ပါတယ်။

ရာမယ်လာ အနောက်ကမ်းပါးမြို့မှာ ပါလက်စ်တိုင်းသမ္မတကို မကျေနပ်တဲ့သူတွေက ဆန္ဒပြနေကြရာ ပါလက်စ်တိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများ အသုံးပြုပြီး လူစုခွဲခဲ့ရပါတယ်။

အဆိုပါ ပေါက်ကွဲမှုကြောင့် အာရပ်နိုင်ငံတွေမှာ ရှုတ်ချပြစ်တင်ခြင်းများ ဖြစ်ပေါ်လာကာ တူရကီနဲ့ ဂျော်ဒန်ရှိ အစ္စရေးလ်သံရုံး၊ လက်ဘနွန်ရှိ အမေရိကန်သံရုံးအနီးတို့မှာလည်း ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ကာ လုံခြုံရေးတပ်များက လူစုခွဲခဲ့ရပါတယ်။

အစ္စရေးလ်နဲ့ ပါလက်စ်တိုင်းတို့မှ အရာရှိများက ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အပြန်အလှန် အပြစ်တင်ပြောဆိုနေကြပါတယ်။

ဟားမတ်စ်တို့ဘက်မှ အစ္စရေးလ်ကို ပြစ်တင်မှုပြုလုပ်ပြီးနောက်မှာ အာရပ်နိုင်ငံများ၊ အီရန်၊ တူရကီတို့က ချက်ချင်းဆိုသလို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
Source: Reuters
#World_News
#YMG #Yangon_Times #Yangon_Media_Group