Published 18 October 2023

အလုပ်ခွင်မှာ ညဆိုင်းအလုပ်လုပ်ရသူတွေရဲ့ ကျန်းမာရေးကို နှောင့်ယှက်ထိခိုက်စေတဲ့ ဖြစ်စဥ်တွေကို သိပ္ပံပညာရှင်များ ဖော်ထုတ်နိုင်ခဲ့ဟန် ရှိပါတယ်။

ခန္ဓာကိုယ်တွင်း လည်ပတ်မှုစက်ဝန်းကို ဆန့်ကျင်ပြီး အလုပ်လုပ်နေရတာဟာ ကိုယ်အလေးချိန်တက်ခြင်း၊ ဆီးချို၊ ကင်ဆာ၊ စိတ်ဓာတ်ကျခြင်း၊ နှလုံးကျန်းမာရေးတို့ ဖြစ်လာစေနိုင်ကြောင်း လေ့လာချက်တွေမှာ တွေ့ရှိထားပါတယ်။

စားသောက်တဲ့အချိန်နဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှုတို့ကြား ဆက်စပ်ပုံတွေကို သုတေသနအသစ်မှာ ဖော်ပြထားပါတယ်။

ကြွက်တွေနဲ့ စမ်းသပ်ရာမှာ အိပ်စက်နိုးကြားခြင်းစက်ဝန်းနဲ့ နေ့ညဖြစ်စဥ်များ အစီအစဥ်မကျတဲ့အခါ အစာစားချင်စိတ် အနေအထား ပြောင်းလဲနိုင်ဖွယ်ရှိတာကို တွေ့ရှိခဲ့ပါတယ်။

ကြွက်တွေရဲ့ အိပ်စက်နိုးကြားခြင်းစက်ဝန်းနဲ့ ပတ်သက်နေတဲ့ ဟော်မုန်းများနဲ့ နေ့စဥ်စားသုံးခြင်းအလေ့အထတို့ကြား ဆက်စပ်မှုကို ဘရစ္စတိုလ်တက္ကသိုလ်မှ သိပ္ပံပညာရှင်များအဖွဲ့က လေ့လာခဲ့ပါတယ်။

၂၄ နာရီစက်ဝန်းအတိုင်း ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာနဲ့ အပြုအမူပိုင်း စည်းချက်လုပ်ဆောင်ချက်တွေအပေါ် ထိခိုက်ခြင်းဟာ ကြွက်တွေရဲ့ စားသောက်မှုပုံစံကို သိသိသာသာ သက်ရောက်နေတယ်လို့ တွေ့ရှိခဲ့ကြပါတယ်။

ကြွက်တွေရဲ့ သဘာဝစက်ဝန်းလှုပ်ရှားမှုကို နှောင့်ယှက်တဲ့အနေဖြင့် ကော်တီကိုစတီရုန်း ဟော်မုန်းများကို ထည့်သွင်းလိုက်ပါတယ်။

ပုံမှန်အိပ်ရမယ့်အချိန်မှာ တစ်နေ့တာစားသောက်မှုရဲ့ တဝက်နီးပါးခန့်ကို စားသောက်ခဲ့ကြပါတယ်။

နေ့နဲ့ညစက်ဝန်းမှာ ကော်တီကိုစတီရုန်းနဲ့ ဆက်စပ်မှုကို နှောင့်ယှက်လိုက်တဲ့အခါ မျိုးရိုးဗီဇပုံမှန်မဟုတ်တာမျိုးနဲ့ ပုံမှန်အိပ်ရမယ့်အချိန်မှာ စားချင်စိတ်ဖြစ်တာမျိုး တွေ့ရှိခဲ့တယ်လို့ ဘရစ္စတိုလ်တက္ကသိုလ်မှ အာရုံကြောသိပ္ပံပညာရှင်နဲ့ စာတမ်းပြုစုသူ စတက်ဖို့ဒ်လိုက်မန်းက ရှင်းပြသွားပါတယ်။
Source: WION
#World_Health
#YMG #Yangon_Times #Yangon_Media_Group