Published 24 September 2023

အိပ်ရေးပျက်ခြင်း အခြေအနေဟာ နှလုံးကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေပါတယ်။

အိပ်ချိန် မလုံလောက်ခြင်းကြောင့် နှလုံးသွေးကြောရောဂါများဖြစ်တဲ့ သွေးပေါင်ချိန်များခြင်း၊ အဝလွန်ခြင်း၊ နှလုံးရောဂါ၊ လေဖြတ်ခြင်းတို့နဲ့ ဆက်စပ်နေကြောင်း သုတေသန တွေ့ရှိထားပါတယ်။

၂၀၂၁ လေ့လာချက်မှာလည်း အိပ်မပျော်ခြင်းကြောင့် နှလုံးကို ထိခိုက်စေနိုင်ကာ ဖိစီးမှုများခြင်း၊ လှုပ်ရှားချင်စိတ် မရှိခြင်း၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာများ စားမိခြင်းတို့ ဖြစ်လာနိုင်တယ်လို့ တွေ့ရှိထားပါတယ်။

ဒါ့အပြင် တစ်ညကို အိပ်ချိန် ၇ နာရီအောက်သာ ရှိတဲ့သူတွေဟာ နှလုံးဖောက်ခြင်း၊ စိတ်ဓာတ်ကျခြင်းစတဲ့ ပြဿနာများ ပိုမိုကြုံတွေ့ရနိုင်ကာ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းအန္တရာယ်များ များလာစေပါတယ်။

အိပ်ရေးပျက်တာ ပုံမှန်ဖြစ်လာပါက သွေးပေါင်ချိန်များခြင်း၊ နှလုံးအလုပ်မလုပ်ခြင်း၊ ကျောက်ကပ်ရောဂါတို့ ဖြစ်လာစေပါတယ်။

အရွယ်ရောက်ပြီးသူ အများစုဟာ တစ်ညကို ၇  - ၉ နာရီကြား အိပ်ချိန်ရှိသင့်တယ်လို့ အမေရိကန်နှလုံးအဖွဲ့အစည်းက အကြံပြုထားပါတယ်။

အိပ်စက်မှု အခြေအနေကလည်း အရေးပါနေပြီး တစ်နေ့တာ လုပ်ဆောင်ချက်၊ ခံစားမှုများအပေါ် သက်ရောက်နေပါတယ်။

နယူးဒေလီ ဖော်တစ်အက်စ်ကော့ဆေးရုံမှ နှလုံးအထူးကု ဒေါက်တာမိုဟစ်တန်ဒန်က ‘’ခန္ဓာကိုယ်ဟာ အိပ်နေစဥ်မှာ အလိုအလျောက် ပြုပြင်ထိန်းသိမ်းပေးပြီး သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်း၊ သွေးတွင်းသကြားဓာတ်များကို ထိန်းညှိပေးတာကြောင့် အိပ်ချိန်မလုံလောက်တဲ့အခါ နှလုံးရောဂါများ ဖြစ်နိုင်ချေများပါတယ်’’ လို့ ပြောပြခဲ့ပါတယ်။

အိပ်ရေးမဝတဲ့အခါ ခန္ဓာကိုယ်ကနေ ဖိစီးမှုဟော်မုန်းတွေ ထွက်ရှိစေပြီး သွေးကြောများကျဥ်းစေကာ သွေးပေါင်ချိန် မြင့်တက်စေပါတယ်။

နှလုံးနဲ့ သွေးကြောတွေက ပြန်လည်ပြုပြင်ချိန်မရတော့ဘဲ ရောင်ရမ်းခြင်း၊ ဓာတ်တိုးဖိစီးခြင်း၊ ဟော်မုန်းမညီမျှခြင်းတို့ ဖြစ်စေကာ နှလုံးသွေးကြောစနစ်ကို ထိခိုက်စေပါတယ်။

နှစ်ခြိုက်စွာအိပ်ပျော်နိုင်စေမယ့် အကြံပြုချက်များကတော့..
(၁) အိပ်ချိန်ထချိန် ပုံမှန်သတ်မှတ်ကျင့်ကြံပါ။

(၂) ညမအိပ်ခင်မှာ ကော်ဖီ၊ အယ်လ်ကိုဟော၊ အလွန်အကျွံစားသုံးခြင်းတို့ကို ရှောင်ရှားပါ။

(၃) အိပ်ခန်းကို သက်တောင့်သက်သာဖြစ်အောင် ဖန်တီးပါ။

(၄) အိပ်ခါနီး ဖုန်း၊ ကွန်ပျူတာ၊ တီဗီတို့ ကြည့်ရှုခြင်း မပြုလုပ်ပါနှင့်။

(၅) လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးပြီး ညမအိပ်ခင် ၃ နာရီခွာပြီး ပြုလုပ်ပါ။

(၆) နေ့ခင်းတစ်ရေးအိပ်ခြင်းကို အကန့်အသတ်ဖြင့်သာ အိပ်စက်ပါ။

(၇) ပုံမှန်အိပ်ပျော်ရန် ခက်ခဲလျှင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
Source: India Today.
#World_Health
#YMG #Yangon_Times #Yangon_Media_Group