၁၉ စက်တင်ဘာ ၂၀၂၃

ခါလစ်စတန်နီ အကြမ်းဖက်သမား ဆင်းနစ်ဂျာ အသတ်ခံရမှုနှင့် ချိတ်ဆက်ပြီး ကနေဒါနိုင်ငံက အိန္ဒိယသံတမန်တစ်ဦးကို နှင်ထုတ်ပြီးနောက် နာရီအနည်းငယ်အကြာတွင် အိန္ဒိယကလည်း ကနေဒါ အကြီးတန်းသံတမန်တစ်ဦးကို နိုင်ငံမှ ငါးရက်အတွင်းအပြီးထွက်သွားရန် ချက်ခြင်း တုန့်ပြန်ဆောင်ရွက်လိုက်ပါတယ်။

“ ကနေဒါနိုင်ငံသံအမတ်ကြီးကိုအိန္ဒိယက ဒီကနေ့ ဆင့်ခေါ်လိုက်ပြီး အိန္ဒိယမှာရှိတဲ့  ကနေဒါအကြီးတန်းသံတမန်တစ်ဦးကို  နှင်ထုတ်တဲ့ အိန္ဒိယအစိုးရရဲ့ ဆုံးဖြတ်ချက်ကို အကြောင်းကြားခဲ့ပါတယ်။  သက်ဆိုင်တဲ့ အဲဒီသံတမန်ဟာ  လာမယ့်(၅)ရက်အတွင်း အိန္ဒိယနိုင်ငံက အပြီးထွက်ခွာပေးရပါမယ်” လို့ အစိုးရအရာရှိတစ်ဦးက ဆုံးဖြတ်ချက်ကိုဖတ်ပြပါတယ်။

“ ဒီဆုံးဖြတ်ချက်ဟာ အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းရေးမှာ ကနေဒါသံတမန်တွေရဲ့ ဝင်ရောက်စွက်ဖက်မှုနှင့် အိန္ဒိယဆန့်ကျင်ရေးလှုပ်ရှားမှုတွေ မှာ သူတို့ပါဝင်ပတ်သက်မှုတွေနှင့်ပတ်သက်လို့ အိန္ဒိယရဲ့ စိုးရိမ်ပူပန်မှုကြီးထွားလာခြင်းကို ထင်ဟပ်နေပါတယ်”  လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဆင့်ခေါ်ခြင်းခံရတဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ ကနေဒါသံအမတ်ကြီး ကင်မရွန် မက်ကေးဟ နယူးဒေလီမြို့တော်  ရိုင်စင်နာဟေးလ် ရဲ့ တောင်ဘက်မုဒ်ဦးမှာသတင်းထောက်တွေကို ရှောင်ပတ်ထွက်သွားတာတွေ့ရပါတယ်။

အိန္ဒိယနှင့်ကနေဒါတို့ရဲ့ဆက်ဆံရေးတွေ ဆိုးရွားလာနေတာကို ယခုဖြစ်ရပ်တွေက သိသိသာသာထင်ဟပ်နေပါတယ်။  ဒီနှစ်ထဲမှာ နယူးဒေလီမှာ ကနေဒါသံတမန်တွေဟာ ပါကစ္စတန်သံတမန်တွေထက် အကြိမ်များစွာပိုပြီးဆင့်ခေါ်ခြင်းခံနေရပါတယ်လို့ , WION သတင်းဌာနက သတင်းပေးပို့ပါတယ်။

ကနေဒါသံအမတ်ကြီးဟာ ၂၀၂၀ဒီဇင်ဘာ၊၂၀၂၃ ဇူလိုင်နှင့် ၂၀၂၃ မတ်လတွေမှာ နိုင်ငံခြားရေးဝန်ကြီးဌာနသို့  ဆင့်ခေါ်ခံခဲ့ရပြီးဖြစ်ပါတယ်။

ကနေဒါက အိန္ဒိယနိုင်ငံရဲ့ ထိပ်တန်းသံတမန်တစ်ဦးကို ဆစ်ခ်ခေါင်းဆောင် ဟာဒိ(ပ်)ဆင်းနစ်ဂျာ အသတ်ခံရမှုနှင့် ဆက်နွယ်မှုရှိတယ်လို့ စွပ်စွဲကာ နှင်ထုတ်ပြီးနောက် အိန္ဒိယက ကနေဒါသံတစ်ဦးကို ပြန်နှင်ထုတ်ပြခဲ့တာပါ။ ဟာဒိ(ပ်) ဆင်းနစ်ဂဓျာဟာ ယခုနှစ် ဇူလိုင် ၂၈ ရက်နေ့မှာ ဗြိတိသျှကိုလံဘီယာရှိ ဆစ်ခ်ယဉ်ကျေးမှု စင်တာအရှေ့မှာ သေနတ်ပစ်လုပ်ကြံခံခဲ့ရတာဖြစ်ပါတယ်။

သူကွယ်လွန်တဲ့အချိန်က နစ်ဂျာဟာ အိန္ဒိယနိုင်ငံမှ ဆစ်ခ်နိုင်ငံခွဲထွက်ဖို့ တရားမဝင်ဆန္ဒခံယူပွဲတစ်ခုကို စီစဉ်ခဲ့တာဖြစ်ပါတယ်။

Source WION