Published_ 19 September 2023

ပြီးခဲ့တဲ့ဇွန်လက ခါလစ္စတန်အကြမ်းဖက်သမား အသတ်ခံရတဲ့ကိစ္စမှာ အိန္ဒိယပါဝင်ပတ်သက်နေတယ်လို့ ကနေဒါနိုင်ငံက တနင်္လာနေ့က စွပ်စွဲလိုက်ကာ အော့တာဝါမြို့ရှိ နယူးဒေလီ ထောက်လှမ်းရေးအကြီးအကဲကို နိုင်ငံမှ နှင်ထုတ်ခဲ့ပါတယ်။

ယခင်ကတည်းက ကနေဒါနဲ့ အိန္ဒိယတို့ကြား ယိုယွင်းနေတဲ့ သံတမန်ဆက်ဆံရေးက အခုဆိုရင် အတော်လေး ဆိုးရွားနေပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇွန်လ ဗြိတိန်ကိုလံဘီယာမှာ ခါလစ္စတန်အကြမ်းဖက်သမား ဟာဒိဆင်းနစ်ဂျာ အသတ်ခံရတဲ့ကိစ္စမှာ အိန္ဒိယအေးဂျင့်တွေနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်များ လက်ခံရရှိထားတယ်လို့ ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူဒေါက်က ပါလီမန်အတိုက်အခံ အရေးပေါ်ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

ဝန်ကြီးချုပ်က ထိုကိစ္စကိုရှင်းလင်းရာမှာ ပူးပေါင်းပါဝင်ပေးဖို့ အိန္ဒိယအစိုးရကို အခိုင်အမာတောင်းဆိုလိုက်ပါတယ်။

ကနေဒါအစိုးရဘက်က ချက်ချင်း အရေးယူတုန့်ပြန်မှု ပြုလုပ်လိုက်ပြီးဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး မယ်လာနီဂျိုလီက ပြောကြားလိုက်ပါတယ်။

အိန္ဒိယအကြီးတန်းသံတမန်တစ်ဦးကို ယနေ့ပြည်နှင်လိုက်ပြီလို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။
နှင်ထုတ်ခံရတဲ့ ပုဂ္ဂိုလ်ဟာ ကနေဒါရှိ အိန္ဒိယနိုင်ငံခြားရေး ထောာက်လှမ်းရေးအဖွဲ့ RAW မှ အကြီးအကဲတစ်ဦးဖြစ်တယ်လို့ မစ္စဂျိုလီက ဆိုပါတယ်။

အိန္ဒိယဘက်မှ အလိုရှိနေခဲ့တဲ့ အကြမ်းဖက်သမား နစ်ဂျာဟာ ဗန်ကူဗာဆင်ခြေဖုံးရပ်ကွက်ဆာရေးမှာ ဇွန်လ ၁၈ ရက်နေ့က သေနတ်ပစ်သတ်ခံခဲ့ရပါတယ်။

သူဟာ အိန္ဒိယမှာ အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။

အကြမ်းဖက်သမားများအပေါ် ကနေဒါရဲ့ ထိန်းချုပ်ဆောင်ရွက်မှုကို အိန္ဒိယက မကျေနပ်ဖြစ်နေသလို လူသတ်မှုကိစ္စ မဖြေရှင်းနိုင်တဲ့ အကြောင်းအရင်းတွေကြောင့် အိန္ဒိယနဲ့ ကနေဒါတို့ကြား တင်းမာမှု မြင့်မားလာပါတယ်။

ခါလစ္စတန်ထောက်ခံသူတွေရဲ့ လှုပ်ရှားမှုတွေကို ကနေဒါက မျက်စိစုံမှိတ်ပေးထားတယ်လို့ အိန္ဒိယက စွပ်စွဲထားပါတယ်။

ကနေဒါဘက်က စွပ်စွဲချက်ဟာ ကမ္ဘာတဝှမ်းမှ ပေါက်ကွဲတော့မယ့် ဗုံးတစ်လုံးကို အားပေးရာရောက်တယ်လို့ ထရူဒေါက်ရဲ့ အကြံပေးပုဂ္ဂိုလ်ဟောင်း ဟိုဆလင်းကူလုံက ပြောကြားလိုက်ပါတယ်။

၂၀၁၈ ခုနှစ်က တူရကီမှာ သတင်းထောက် ဂျာမယ်ခါရှိုဂီ သတ်ဖြတ်ခံရခြင်းနဲ့ ပတ်သက်ပြီး ဆော်ဒီအာရေဗျ ဆက်စပ်ပါဝင်နေသလိုမျိုး အိန္ဒိယဟာလည်း နိုင်ငံရပ်ခြားမှ နိုင်ငံရေးပြိုင်ဘက်တွေကို သတ်ဖြတ်တဲ့ တိုင်းပြည်စာရင်းထဲ ပါဝင်သွားလိမ့်မယ်လို့ ဆိုပါတယ်။

ယခုလအစောပိုင်းက အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီနဲ့ ကနေဒါဝန်ကြီးချုပ် ထရူဒေါက်တို့ ဂျီ-၂၀ ထိပ်သီးအစည်းအဝေးပွဲမှာ တွေ့ဆုံစဥ်ကလည်း ကနေဒါရှိ အိန္ဒိယဆန့်ကျင်ရေး အစွန်းရောက်လှုပ်ရှားမှုများ ဆက်လက်တည်ရှိနေတာကို အလွန်စိုးရိမ်မိကြောင်း မိုဒီက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
Source: NDTV
#World_News
#YMG #Yangon_Times