၁၇ စက်တင်ဘလာ ၂၀၂၃

Googleကို ပူးတွဲတည်ထောင်တဲ့ ဆာဂေးဘရင်ဟာ သူ့ဇနီး နီကိုးလ်ရှန်နာဟန်နှင့်တိတ်တိတ်ကလေးကွာရှင်းလိုက်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့  ရှေ့နေနှင့် လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ သူ့ဇနီးနီးကိုလ်ရှန်နာဟန်ဟာ ဘီလျံနာသူဋ္ဌေး အီလွန်မတ်စ်နှင့် ဇာတ်လမ်းရှုပ်ခဲ့တာကြောင့်ဖြစ်တယ်လို့ Business Insider ကသတင်းရေးသားပါတယ်။

တရားရုံးစာရွက်စာတမ်းများအရ သူတို့လင်မယားဟာ မေ ၂၆ရက်နေ့မှာ ကွာရှင်းပြတ်စဲခဲ့ကြတယ်လို့ အတည်ပြုထားပါတယ်။ အခု သူတို့ဟာ တရားဝင် ကွဲသွားကြတာဖြစ်ပြီး သူတို့ရဲ့ လေးနှစ်သမီး ထိန်းသိမ်းစောင့်ရှောက်ရေး ဆက်လက်ရင်ဆိုင်ကြမှာဖြစ်ပါတယ်။

သူတို့ဇနီးမောင်နှံနှစ်ဦးဟာ ၂၀၁၅ခုနှစ်မှာ စပြိးတွဲခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနှစ်မှာပဲ မစ္စတာဘရင်ဟာ သူ့ပထမဇနီး အန်းဝိုစစ်စကီနှင့် ကွာရှင်းခဲ့တာပါ။ အဲဒီနောက်သူတို့ဟာ ၂၀၁၈ခုနှစ်မှာ လက်ထပ်ခဲ့ကြတယ်လို့ သတင်းမှာဆက်လက်ရေးသားထားပါတယ်။

ဒါပေမယ့် သူတို့ဟာ ၂၀၂၁ ခုနှစ်မှာ ခွဲနေကြပြီးနောက် ၂၀၂၂ခုနှစ်မှာ မစ္စတာဘရင်က ကွာရှင်းဖို့ တရားရုံးမှာ လျှောက်ထားခဲ့ပါတယ်။ ညှိနှိုင်းပေါင်းစပ်လို့မရနိုင်တဲ့ ကွာဟမှုတွေကြောင့်လို့ သူက အကြောင်းပြပါတယ်။

သူ့ဇနီးဟာ အီလွန်မတ်စ်နှင့် ဇာတ်လမ်းရှုပ်တာကို သူသိရှိပြီးနောက် တစ်လအကြာမှာ သူက ကွာရှင်းခွင့်တင်ခဲ့တာဖြစ်တယ်လို့ နယူးယောက်ပို့စ်သတင်းစာကရေးသားပါတယ်။ အီလွန်မတ်စ်နှင့် ဘရင်တို့ဟာ နှစ်ပေါင်းများစွာကတည်းက ခင်မင်လာခဲ့ကြတဲ့ သူငယ်ချင်းတွေဖြစ်ကြပါတယ်။ ဒါပေမယ့် သူစွပ်စွဲတာမဟုတ်ဘူးလို့တော့ အီလွန်မတ်စ်နှင့် ရှန်နာဟန်တို့နှစ်ဦးစလုံးက ငြင်းဆိုထားကြပါတယ်။

“ဆာဂေးနှင့် ကျွန်တော်တို့ သူငယ်ချင်းတွေပါ။ မနေ့ညကတောင်ပါတီမှာ အတူရှိခဲ့ကြပါသေးတယ်။ ကျွန်တော်နှင့် နီးကိုလ်တို့ သုံးနှစ် အတွင်း နှစ်ကြိမ်ပဲဆုံဖူးတယ်။ အဲဒီအခါတိုင်းမှာ အခြားလူတွေအနားမှာရှိနေတာချည်းပဲ။ ဘာဇာတ်လမ်းမှမရှိဘူး” လို့ အီလွန်မတ်စ်က သူ့ရဲ့ အိတ်စ် ပလက်ဖောင်းပေါ်ကနေ  ၂၀၂၂ခုနှစ် ဇူလိုင် ၂၅ရက်တုန်းက ရှင်းလင်းခဲ့ပါတယ်။ အဲဒီတုန်းက ဝေါစထရိဂျာနယ်သတင်းစာရဲ့ ဆောင်းပါး “ အီလွန်မတ်ရဲ့ ဆာဂေးဘရင်နှင့် မိတ်ဆွေဖြစ်မှု ဇာတ်လမ်းရှုပ်မှုကြောင့် အကွဲအပြဲဖြစ်”ကို သူကပြန်တုန့်ပြန်ခဲ့တာပါ။

ယခုလောလောဆယ်လည်း ရှန်နာဟန်က ဒါမဟုတ်တမ်းတရားတွေလို့ပြောလိုက်ပြီး သူမအနေနှင့် မတ်စ်နှင့် မိတ်ဆွေအဖြစ်ထက် ဘယ်တုန်းကမှ မပိုခဲ့ဘူးလို့ ပြောပါတယ်။

“ကျွန်မနှင့် အီလွန်နှင့် ရမက်ပြင်းပြစွာ အတူအိပ်ခဲ့ကြတဲ့တခဏာတာ ဒါနှင့်ပြီးသွားတာလား ၊ဟင့်အင်းပါ။ ကျွန်မတို့ မေတ္တာဇာတ်လမ်း တွေခင်းခဲ့ကြတာလား။ ဟင်းအင်းပဲ။ ကျွန်မတို့ဘာဇာတ်လမ်းမှမရှုပ်ခဲ့ကြဘူး” လို့ သူမကလည်း ဇူလိုင်လတုန်းက ပြောခဲ့ပါတယ်။ ဝေါစထရိဂျာနယ်ကတော့ သူတို့ရဲ့ သတင်းအရင်းအမြစ်ဟာစိတ်ချရတယ်။ သူတို့သတင်းအပေါ်သူတို့ရပ်တည်ထားတယ်လို့ ပြောပါတယ်။

အသက် ၅၀အရွယ်ရှိပြီဖြစ်တဲ့ Google ပူးတွဲတည်ထောင်သူ ဆာဂေးဘရင်းဟာ ကမ္ဘာပေါ်မှာ (၉)ဦးမြောက် အချမ်းသာဆုံးသူဖြစ်ပါတယ်။

ဒေါ်လာ ၁၁၈ ဘီလျံချမ်းသာပါတယ်လို့ ဘလွန်းဘတ်အညွှန်းကိန်းအရသိရပါတယ်။  မစ် ရှန်နာဟန်ဟာ အသက် ၃၄နှစ်ရှိပြီး ကာလီဖိုနီးယား အခြေစိုက် ရှေ့နေတစ်ဦးနှင့် ဘိုင်ယာ-အက်ကိုးဖောင်ဒေးရှင်းတည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်ပါတယ်။

Source : BusinessInsider/NYPost