Published_ 9 September 2023

စားနပ်ရိက္ခာဖူလုံရေး ပြဿနာများကို ဖြေရှင်းရန်အတွက် နယူးဇီလန်မှ သုတေသီတွေက  ဓာတ်ခွဲခန်းမှာ အသီးအနှံများ စိုက်ပျိုးထုတ်လုပ်မယ့် အစီအစဥ်ကို ချပြလာပါတယ်။

ကမ္ဘာပေါ်မှာ ဓာတ်ခွဲခန်းထုတ် အသားတွေ ထုတ်လုပ်မှုကဏ္ဍ တိုးတက်လာပေမယ့် ဓာတ်ခွဲခန်းထုတ် အသီးအနှံကဏ္ဍကတော့ မကျယ်ပြန့်သေးပါဘူး။

နယူးဇီလန်မှ သုတေသီတွေက အပင်ဆဲလ်တွေမှ အသီးတစ်ရှူးပေါက်လာစေကာ တစ်နေ့နေ့မှာ တကယ့်အသီးလိုမျိုး အနံ့အရသာ ရရှိလာစေရန် မျှော်လင့်နေပါတယ်။

ဒီနည်းလမ်းဖြင့် ကမ္ဘာ့စားနပ်ရိက္ခာ မလုံလောက်မှုပြဿနာကို ဖြေရှင်းနိုင်ဖွယ် ရှိပါတယ်။

နယူးဇီလန်မှာဆိုရင် သမားရိုးကျ စိုက်ပျိုးသီးနှံများ ဖြစ်ထွန်းနေပေမယ့် အနာဂတ်ကို ကြည့်လိုက်ရင် လူဦးရေတိုးတက်ခြင်း ရာသီဥတုပြောင်းလဲခြင်းတို့ ရှိလာနိုင်တယ်လို့ အပင်နှင့် အစားအစာသုတေသနမှ ဦးဆောင်သုတေသီ ဒေါက်တာဘင်ရွှန်က ပြောပြသွားပါတယ်။

ဒီအစီအစဥ်က အစောပိုင်းစမ်းသပ်မှုကာလပဲ ရှိနေသေးပြီး အသီးရဲ့စားလို့ရတဲ့ အပိုင်းကိုသာ ဓာတ်ခွဲခန်းမှာ ထုတ်လုပ်စိုက်ပျိုးမှာ ဖြစ်ပါတယ်။

ဥပမာအားဖြင့် ပန်းသီးရဲ့ အလယ်အူတိုင်၊ လိမ္မော်သီးရဲ့ အခွံလိုမျိုးအရာတွေကိုတော့ ထည့်ပြီးထုတ်လုပ်မှာ မဟုတ်ပါဘူး။

ဒီအစီအစဥ်ကို အပြည့်အဝ ဖန်တီးပြီးပြီဆိုရင်တော့ ရေရှည်တည်တံ့မြဲ စိုက်ပျိုးရေးကဏ္ဍကို မြှင့်တင်ပေးနိုင်မှာဖြစ်ကာ ရာသီဥတုဖောက်ပြန်မှု ရည်မှန်းချက်များနဲ့ ကိုက်ညီဖို့ရန် အကူအညီဖြစ်စေမှာ ဖြစ်ပါတယ်။

လူတွေ အသုံးမပြုနိုင်ခင်မှာတော့ ကြာရှည်များပြားတဲ့ စမ်းသပ်မှုတွေနဲ့ ထိန်းချုပ်ကွပ်ကဲရေး လုပ်ငန်းစဥ်တွေကို ကျော်ဖြတ်ရဦးမှာ ဖြစ်တယ်လို့ အော့ကလန် မက်ဆေးတက္ကသိုလ်မှ အစားအစာသိပ္ပံပညာရှင် ဒေါက်တာ အလီရာရှီဒင်ဂျက်ဒ်က ပြောပြသွားပါတယ်။

စားသုံးသူတွေက သမားရိုးကျ စိုက်ပျိုးတဲ့ နည်းလမ်းတွေကို အသုံးမပြုချင်တော့ဘူးဆိုမှ ဓာတ်ခွဲခန်းသီးနှံအစီအစဥ်ကို အသုံးပြုနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။

လွန်ခဲ့တဲ့ ၁၈ လက စတင်ခဲ့တဲ့ အပင်နှင့်အစားအစာ အစီအစဥ်မှာ ဘလူးဘယ်ရီ၊ ပန်းသီး၊ ချယ်ရီသီး၊ မက်မွန်သီး၊ စပျစ်သီးတို့ စိုက်ပျိုးနိုင်မှာ ဖြစ်ပါတယ်။

အာဟာရရှိစွာ စားသုံးနိုင်မယ့် အသီးခူးဆွတ်နိုင်ဖို့အထိ နည်းပညာဖန်တီးဖို့ဆိုရင် နှစ်တွေကြာအောင် စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။
Source: WION
#World_Science
#YMG #Yangon_Times