Published 9 September 2023

မော်ရိုကိုနိုင်ငံ ဟိုက်အတ်လတ်စ်တောင်တန်းတွေမှာ သောကြာနေ့က အင်အားပြင်းမြေငလျင်တစ်ခု လှုပ်ခတ်သွားသဖြင့် အနည်းဆုံး လူ ၂၉၆ ဦးသေဆုံးကာ အဆောက်အအုံများ ပျက်စီးသွားခဲ့ပြီး အဓိကမြို့ကြီးများမှ ပြည်သူများ နေအိမ်တွေကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

သေဆုံးသူအရေအတွက်က အစောပိုင်းတွက်ချက်မှုသာဖြစ်ပြီး ၁၅၃ ဦး ဒဏ်ရာရခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ဖော်ခဲ့ပါတယ်။

သေဆုံးမှုအများစုက ရောက်ရှိရန်ခက်ခဲတဲ့ တောင်တန်းနေရာတွေက လူတွေဖြစ်တယ်လို့ အရာရှိတစ်ဦးက ဆိုပါတယ်။

ယူနက်စ်ကိုအမွေအနှစ် နေရာတစ်ခုဖြစ်တဲ့ မြို့ဟောင်းမှာ အဆောက်အအုံအချို့ ပြိုလဲသွားကြောင်း ငလျင်ဗဟိုချက်နဲ့ အနီးဆုံး မာရာကက်ချ်မြို့ကြီးမှ ပြည်သူတွေက ပြောကြားခဲ့ပါတယ်။

ဗလီမျှော်စင်တစ်ခု ပြိုလဲပြီး ကားတွေပေါ် အစအနများ ပြုတ်ကျလာတဲ့ပုံတွေကို ဒေသတွင်းရုပ်သံတစ်ခုမှ ပြသခဲ့ပါတယ်။

အိမ်အများစု ထိခိုက်ပျက်စီးသွားကြောင်း၊ အဆောက်အအုံ အပျက်အစီးများကြား လူတွေပိတ်မိနေပြီး ကျန်တဲ့လူတွေက ကယ်ဆယ်ရန် ရသမျှနည်းလမ်းများဖြင့် ကြိုးစားနေကြကြောင်း ငလျင်ဗဟိုချက်အနီး အက်စ်နီတောင်တန်းရွာမှ မွန်တာဆီယာအစ်တရီက ပြောပြသွားပါတယ်။

အနောက်ပိုင်း တာရူဒန့်အနီးမှာတော့ ငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ လှုပ်ခတ်မှုများ ဖြစ်ပေါ်ခဲ့ပါတယ်။

ယခုငလျင်က ဟိုက်အတ်လတ်စ်ရဲ့ အစ်ဂ်ဟေးလ်ဒေသမှာ ပြင်းအားအဆင့် ၇.၂ ဖြင့် လှုပ်ခတ်သွားတာဖြစ်ကြောင်း မော်ရိုကိုဘူမိစင်တာမှ ကြေညာခဲ့ပါတယ်။

အမေရိကန် ဘူမိဗေဒစစ်တမ်းမှာတော့ ငလျင်ပြင်းအားအဆင့် ၆.၈ ရှိပြီး မြေအနက် ၁၁.၅ မိုင်ရှိတယ်လို့ သိရပါတယ်။

စိုက်ပျိုးရေး ရွာငယ်များရှိတဲ့ တောင်တန်းဒေသ အစ်ဂ်ဟေးလ်ဟာ မာရာကက်ချ် အနောက်တောင်ဘက် မိုင် ၄၀ အကွာမှာ တည်ရှိပြီး ည ၁၁ နာရီနောက်ပိုင်းမှာ ငလျင်လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ငလျင်လှုပ်ခတ်မှု ဖြစ်ဖြစ်ချင်း ဗီဒီယိုတွေကို ဆိုရှယ်မီဒီယာတွေပေါ်မှာ တင်ထားရာမှာတော့ လူတွေဟာ အဆောက်အအုံတွေထဲကနေ ကြောက်လန့်တကြား ထွက်ပြေးလာကြပြီး အပြင်မှာ စုရုံးနေကြတာကို တွေ့မြင်ရပါတယ်။
Source: Reuters
#World_News
#YMG #Yangon_Times