#World_Health
Published 2 September 2023


ခန္ဓာကိုယ်ထဲမှာ ကျောက်တည်ခြင်းအမျိုးမျိုး ဖြစ်ပွားနိုင်ကာ ဖြစ်ရတဲ့ အကြောင်းအရင်းတွေနဲ့ ကုသနည်းတွေလည်း ကွဲပြားနိုင်ပါတယ်။

 

(၁) ကျောက်ကပ်ကျောက်တည်ခြင်း

 

ကျောက်ကပ်ထဲမှာ သတ္တုဓာတ်တွေနဲ့ ဆားများအနည်ကျလာပြီး ကျောက်ဖြစ်လာတတ်ကာ ကျောအောက်ဘက် ဘေးဘက်တို့မှာ နာကျင်တတ်သလို ဆီးထဲသွေးပါတတ်ပါတယ်။

 

(၂) သည်းခြေကျောက်

 

သည်းခြေရည်တွေ သိမ်းထားတဲ့ သည်းခြေအိတ်ထဲမှာ ကျောက်တွေဖြစ်ပေါ်လာပြီး ဝမ်းဗိုက်အထက်ပိုင်းမှာ နာကျင်ခြင်း ခံစားရတတ်သလို ရောဂါကူးစက်ဝင်ရောက်ခြင်းလည်း ဖြစ်ပေါ်နိုင်ပါတယ်။

 

(၃) ဆီးအိမ်ကျောက်

 

ဆီးအိမ်ထဲမှာ သတ္တုဓာတ်များ ခဲသွားတာဖြစ်ပြီး မကြာခဏဆီးသွားခြင်း၊ ဝမ်းဗိုက်အောက်ပိုင်းမှာ မအီမသာ အောင့်ခြင်း၊ ဆီးထဲသွေးပါခြင်းတို့ ခံစားရတတ်ပါတယ်။

 

(၄) တံတွေးဂလင်းကျောက်တည်ခြင်း

 

ပါးစပ်ထဲသို့ တံတွေးလွှတ်တဲ့ ပြွန်တွေထဲမှာ အနည်ကျမှုန်တွေ ခဲသွားပြီး ရောင်ရမ်းနာကျင်ခြင်း၊ တံတွေးမြိုချရခက်ခဲခြင်းတို့ ခံစားရနိုင်ပါတယ်။

 

(၅) ဆီးအိတ်ပြွန်ကျောက်တည်ခြင်း

 

ကျောက်ကပ်ကနေ ဆီးအိမ်ကိုဆက်ထားတဲ့ ပြွန်တွေမှာလည်း ကျောက်တည်တတ်ပြီး ကျောအောက်ဘက် ဘေးဘက်တွေမှာ အလွန်အမင်း နာကျင်ရနိုင်ကာ ဆီးထဲသွေးပါတတ်ပါတယ်။

 

(၆) ဆီးကြိတ်ကျောက်

 

ဆီးကြိတ်ဂလင်းထဲမှာ ကျောက်တည်တာဖြစ်ပြီး ရောဂါလက္ခဏာ မပြတတ်ပေမယ့် နာတာရှည် ဆီးကြိတ်ရောင်ခြင်းနဲ့ ဆက်စပ်နေနိုင်ပါတယ်။

 

(၇) အာသီးကျောက်

 

အာသီးနေရာမှာ ကျောက်တည်တာဖြစ်ပြီး ခံတွင်းနံ့ဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ မျိုချရခက်ခဲခြင်းတို့ ခံစားရနိုင်ပါတယ်။

 

ကျောက်တည်ခြင်းမှ ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကတော့..


- ရေများများသောက်ခြင်းဖြင့် အနည်တွေ စုပြုံမလာနိုင်တာကြောင့် ကျောက်တည်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

 

- အငန်ဓာတ်နဲ့ အသားဓာတ်ပရိုတိန်း လျှော့ချကာ ညီညွတ်မျှတစွာ စားသုံးခြင်းဖြင့် ကျောက်တည်ခြင်းကို ကာကွယ်ပေးပါတယ်။

 

- အချိုရည်အသောက်များတဲ့အခါ ကျောက်ကပ်ကျောက်တည်ခြင်းကို ဖြစ်စေနိုင်တာကြောင့် ရေ ဒါမှမဟုတ် အကြမ်းခြောက်တို့ကို ရွေးချယ်သောက်သုံးသင့်ပါတယ်။

 

- သံပရာ၊ သံပယို၊ လိမ္မော်စတဲ့ အချဥ်ဓာတ်ပါတဲ့ အစားအစာတွေက ကယ်လ်စီယမ်ကျောက်တည်ခြင်းကို ကာကွယ်ပေးပါတယ်။

 

- အဝလွန်တဲ့အခါ ကျောက်ကပ်ကျောက်တည်ခြင်း ဖြစ်ပေါ်စေနိုင်ပြီး ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် ဖြစ်နိုင်ချေကိုလျှော့ချနိုင်မှာ ဖြစ်ပါတယ်။

 

- ကယ်လ်စီယမ်က အရိုးကျန်းမာရေးအတွက် အရေးကြီးပေမယ့် များလွန်းရင်တော့ ကျောက်တည်နိုင်တာကြောင့် သဘာဝအတိုင်း အစားအစာကနေသာ ညီညွတ်မျှတစွာ စားသုံးသင့်ပါတယ်။

 

- အရက်အလွန်အကျွံ သောက်တဲ့အခါ ယူရစ်အက်ဆစ်ကျောက်မျိုး ဖြစ်နိုင်တာကြောင့် ကန့်သတ်လျှော့ချပြီးသာ သောက်သုံးသင့်ပါတယ်။

 

#World_Health #ကျောက်(၇)မျိုး #ကာကွယ်ရန်နည်းလမ်းများ
Source: DoctorNDTV