#World_Education
Published 2 September 2023


တောင်ကိုရီးယားနိုင်ငံ ဂျုံဆန်မြောက်ပိုင်းပြည်နယ်က ၂၀၂၄ မတ်လမှာ စတင်မယ့် လာမယ့်ပညာသင်နှစ်အတွင်း အာရှနိုင်ငံ ၆ နိုင်ငံမှ ဆယ်ကျော်သက်များ ကျောင်းတက်ရောက်ခွင့်အတွက် ၇၂ ဦးကို စိစစ်ရွေးချယ်လျက် ရှိပါတယ်။

 

ကျောင်းတက်ရောက်ခွင့် လျှောက်ထားနိုင်တဲ့ နိုင်ငံတွေကတော့ ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ မွန်ဂိုလီးယား၊ ကမ္ဘောဒီးယား၊ တရုတ်နိုင်ငံတို့ ဖြစ်ပါတယ်။

 

''ကိုရီးယားကျောင်းသားတွေ ကျောင်းတက်သလိုမျိုးပဲ နိုင်ငံရပ်ခြား ကျောင်းသားတွေလည်း ကျူရှင်ခ ပေးစရာမလိုပေမယ့် နေထိုင်စရိတ်တွေကတော့ ကိုယ်တိုင်ကျခံရမှာ ဖြစ်ပါတယ်'' လို့ ဂျုံဆန်မြောက်ပိုင်း ပညာရေးရုံးမှ အကြီးအကဲ ကင်မ်မီဂျောင်က The Korea Herald ထံ ပြောကြားသွားပါတယ်။

 

တောင်ကိုရီးယား ပညာရေးစနစ်က မူလတန်းကနေ အထက်တန်းအဆင့်အထိ အခမဲ့ဖြစ်တာကြောင့် နိုင်ငံခြားပညာသင်ခွင့်အတွက် ပညာသင်ဆုထောက်ပံ့တာမျိုး မရှိပါဘူး။

 

အသံပညာနဲ့ သက်ဆိုင်တဲ့ ကျောင်းအများစုပါဝင်နေတဲ့ ကျောင်း ၉ ကျောင်းတို့ဟာ ထိုအစီအစဥ်ကနေ နိုင်ငံခြားကျောင်းသားတွေကို လက်ခံသွားမှာ ဖြစ်ပါတယ်။

 

ဒီအစီအစဥ်ကို လျှောက်ထားမယ့်သူတွေဟာ အလယ်တန်းကျောင်းမှ ပညာရေးမှတ်တမ်းများကို တင်ပြရမှာဖြစ်ပြီး ကိုရီးယားဘာသာ ကျွမ်းကျင်မှုစာမေးပွဲ TOPIK မှာ အဆင့် ၂ နဲ့အထက် ရရှိရမှာဖြစ်ပါတယ်။

 

ရွေးချယ်ခံရတဲ့ ကျောင်းသားတွေက D-4 အထွေထွေပညာသင်ဗီဇာရဲ့ အခွဲဖြစ်တဲ့ D-4-3 ဗီဇာ လျှောက်ထားနိုင်မှာဖြစ်ပြီး ဒီဗီဇာက မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသားများကို ပေးလေ့ရှိပါတယ်။

 

D-4 ဗီဇာဖြင့် ကိုရီးယားမှာ ပညာသင်ယူခွင့် ၁ နှစ်ရမှာဖြစ်ပြီး ပထမနှစ်ကျော်လွန်ကာ ဘွဲ့ရတဲ့အထိ ဆက်လက်တက်ရောက်သွားမယ်ဆိုပါက နှစ်စဥ်ဗီဇာသက်တမ်း တိုးသွားရမှာဖြစ်ပါတယ်။


ဒီအစီအစဥ်ကနေ ဘွဲ့ရသွားတဲ့ လူတွေအတွက် ဂျုံဆန်မြောက်ပိုင်းမှာ အခြေချလုပ်ကိုင်သွားနိုင်ရန် အလုပ်လုပ်ခွင့်ဗီဇာပေးနိုင်ရန်အတွက်လည်း သက်ဆိုင်ရာအေဂျင်စီများနဲ့ ဆွေးနွေးနေပါတယ်လို့ ဆိုပါတယ်။

 

ထိုထဲက ကျောင်း ၄ ကျောင်းကတော့ ကျောင်းသားဦးရေ ပြည့်သွားပြီဖြစ်ပြီး ထိုင်း၊ တရုတ်၊ ကမ္ဘောဒီးယား၊ မွန်ဂိုလီးယား၊ ဗီယက်နမ်တို့မှ ကျောင်းသားစုစုပေါင်း ၃၂ ဦး တက်ရောက်ခွင့် ရခဲ့ပါတယ်။

 

ကျန်တဲ့ ကျောင်း ၅ ကျောင်းအတွက် နောက်ဆုံးလျှောက်ထားခွင့်ကတော့ စက်တင်ဘာ ၈ ရက်နေ့ဖြစ်ပါတယ်။

 

၂၀၂၅ ပညာသင်နှစ်အတွက် နောက်နှစ်မှာ ထပ်မံခေါ်ယူသွားမှာဖြစ်ပြီး တက်ရောက်နိုင်တဲ့ ကျောင်းတွေနဲ့ ကျောင်းသားခွဲတမ်းကတော့ ပြောင်းလဲနိုင်ကြောင်း ဂျုံဆန်မြောက်ပိုင်းပြည်နယ်အရာရှိက ပြောပြခဲ့ပါတယ်။

 

#World_Education #ကိုရီးယားအထက်တန်းကျောင်း #ပညာသင်ယူခွင့်
Source: The Nation