#World_Health
Publilshed 2 September 2023


ဆေးထိုးခြင်းဖြင့် ကင်ဆာကုသနိုင်မယ့် နည်းလမ်းတစ်ခုကို ဗြိတိန်အစိုးရပိုင် အမျိုးသားကျန်းမာရေးဝန်ဆောင်မှု (NHS)မှ ကမ္ဘာ့ပထမဆုံး အသုံးပြုသွားမှာ ဖြစ်ပါတယ်။

 

ထိုနည်းလမ်းဖြင့် အင်္ဂလန်မှ လူနာပေါင်းရာဂဏန်းခန့်ကို ကုသသွားမှာဖြစ်ပြီး ကုသချိန်ကို ၄ ပုံ ၃ ပုံခန့်အထိ လျှော့ချသွားနိုင်မှာဖြစ်ပါတယ်။

 

ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ကွပ်ကဲရေးဌာနမှ ခွင့်ပြုချက်ရရှိပြီးနောက် အေတက်ဇိုလီဇူမက် ကိုယ်ခံအားကုသဆေးဖြင့် ကုသခဲ့တဲ့ လူနာတွေကို အရေပြားအောက် ဆေးထိုးကုသခြင်းနည်းလမ်းဖြင့် ကုသရန် စီစဥ်ထားပြီဖြစ်ကာ ကင်ဆာကုသရေးအဖွဲ့များအတွက် ပိုမိုမြန်ဆန်စွာ လုပ်ကိုင်နိုင်စေမှာ ဖြစ်ကြောင်း NHS အင်္ဂလန်မှ ပြောကြားလိုက်ပါတယ်။

 

ဒီနညးလမ်းဖြင့် လူနာတွေအတွက် ပိုမိုလျင်မြန်လွယ်ကူစေမှာ ဖြစ်တဲ့အပြင် ကုသရေးအဖွဲ့အနေနဲ့လည်း တစ်နေ့တည်းနဲ့ လူနာများစွာ ကုသပေးနိုင်မှာဖြစ်တယ်လို့ NHS ဖောင်ဒေးရှင်းထရပ်စ်မှ ကင်ဆာရောဂါအတိုင်ပင်ခံ ဒေါက်တာအဲလက်ဇန်ဒါမာတင်က ပြောကြားလိုက်ပါတယ်။

 

လက်ရှိမှာအသုံးပြုနေတဲ့ အေတီဇိုလီဇူမက်က အစက်ချဒရစ်ပ်ကနေတဆင့် သွေးကြောထဲသို့ တိုက်ရိုက်ထိုးသွင်းတာဖြစ်ပြီး မိနစ် ၃၀ ကြာမြင့်တတ်ပြီး သွေးကြောရှာရခက်သူတွေမှာ တစ်နာရီလောက်အထိ ကြာမြင့်တတ်တယ်လို့ NHS အင်္ဂလန်က ပြောကြားလိုက်ပါတယ်။

 

ဆေးထိုးကုသမယ့် နည်းလမ်းကတော့ ၇ မိနစ်ခန့်သာ ကြာမြင့်နိုင်ပါတယ်လို့ ရော့ချ်ဆေးပစ္စည်းကုမ္ပဏီမှ ဆေးဘက်ဆိုင်ရာ ညွှန်ကြားရေးမှူး မာရီယပ်စ်ရှို့ဇ်က ပြောပြသွားပါတယ်။

 

ရော့ချ်ကုမ္ပဏီရဲ့ ဂျင်းတက်ခ်လုပ်ငန်းကနေ အေတီဇိုလီဇူမက်ကို ထုတ်လုပ်တာဖြစ်ပြီး လူနာရဲ့ ကိုယ်ခံအားစနစ်ကို မြှင်တင်ပေးကာ ကင်ဆာဆဲလ်တွေကို ရှာဖွေဖျက်ဆီးပစ်တာ ဖြစ်ပါတယ်။


လက်ရှိမှာ NHS လူနာတွေကို ထိုနည်းလမ်းဖြင့် ကုသနေပြီး အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အသည်းကင်ဆာ၊ ဆီးအိမ်ကင်ဆာလူနာတွေ ပါဝင်ပါတယ်။

 

အင်္ဂလန်မှာ အေတီဇိုလီဇူမက်ဖြင့် စတင်ကုသလာရတဲ့ လူနာတွေဟာ နှစ်စဥ် ၃,၆၀၀ ခန့်ရှိနေရာမှ အချိန်တိုအတွင်း ကုသပြီးစီးမယ့်နည်းလမ်းကို ပြောင်းလဲလာနိုင်မယ်လို့ NHS အင်္ဂလန်က မျှော်မှန်းထားပါတယ်။

 

#World_Health #ကမ္ဘာ့ပထမဆုံးကင်ဆာဆေးထိုးကုသနည်း #အင်္ဂလန်တွင်သုံးစွဲ
Source: NDTV