#World_Military
Published 31 August 2023


အမေရိကန်-တောင်ကိုရီးယားတို့ရဲ့ စစ်ရေးလေ့ကျင့်မှုများကို တုန့်ပြန်တဲ့အနေနဲ့ မြောက်ကိုရီးယားက စစ်နည်းဗျူဟာမြောက်နျူကလီးယား တိုက်ခိုက်ရေးလေ့ကျင့်မှု အစိတ်အပိုင်းအနေဖြင့် တာတိုပစ်ပဲ့ထိန်းဒုံးကျည် ၂ စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ကြာသပတေးနေ့မှာ ဖော်ပြလိုက်ပါတယ်။

 

အဆိုပါ ဒုံးကျည်ပစ်လွှတ်မှုတွေကို တောင်ကိုရီးယားစစ်တပ်က ဦးစွာသတင်းပို့ခဲ့ကာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ အူလ်ချီဖရီးဒမ်းရှီးလ် နှစ်စဥ်စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေစဥ်ကာလအတွင်း မြောက်ကိုရီးယားက စမ်းသပ်လိုက်တာဖြစ်ပါတယ်။



အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ စစ်ရေးလေ့ကျင့်မှုတွေက မြောက်ကိုရီးယားကို အမြဲအမျက်ထွက်စေတာလည်း ဖြစ်ပါတယ်။

 

ဗျူဟာမြောက်နျူကလီးယား တိုက်ခိုက်ရေးစမ်းသပ်မှုကို ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး တောင်ကိုရီးယား နယ်စပ်တလျှောက်ရှိ အဓိကစစ်ဌာနချုပ်စင်တာတွေနဲ့ လေယာဥ်ကွင်းများကို တိုက်ခိုက်ခြင်းလိုမျိုးပုံစံတွေ လေ့ကျင့်ခဲ့တာဖြစ်ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

 

ဗျူဟာမြောက် နျူကလီးယားပဲ့ထိန်းဒုံးကျည်တွေကို ဂျပန်ပင်လယ်လို့ခေါ်တဲ့ အရှေ့ပင်လယ်သို့ သန်းခေါင်ယံမတိုင်ခင် ပစ်ခတ်ခဲ့တာဖြစ်ကြောင်း တောင်ကိုရီးယား ယွန်ဟပ်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

 

မြောက်ကိုရီးယားဟာ ယခုနှစ်အတွင်း ဒုံးကျည်စမ်းသပ်မှုများ စံချိန်တင်ပြုလုပ်ထားပါတယ်။ ဒီလေ့ကျင့်မှုက စစ်တပ်တစ်ခုလုံးရဲ့ အထက်အရာရှိတွေနဲ့ စစ်မှုထမ်းတွေအားလုံး စစ်ပွဲအတွက် အလုံးစုံပြင်ဆင်မှုမျိုး ဖြစ်တယ်ဆိုတာကို သိရှိစေရန် ရည်ရွယ်တယ်လို့ ခေါင်းဆောင်ကင်မ်ဂျုံအန်းက လေ့ကျင့်စမ်းသပ်မှုအတွင်း ပြောကြားခဲ့ပါတယ်။

 

တောင်ပိုင်းစစ်ရေးနယ်စပ်မှာတော့ တောင်ကိုရီးယားက အမေရိကန်နဲ့ အနီးကပ်ပူးပေါင်းပြီး အသင့်အနေအထား ဆောင်ရွက်ထားကြောင်း တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်က ပြောကြားထားပါတယ်။

 

ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေထဲမှာ ကိုရီးယားကျွန်းဆွယ်ပေါ် လေယာဥ်ပျံသန်းမှုလည်း ပါဝင်ခဲ့ရာ မြောက်ကိုရီးယားက ထိုပျံသန်းမှုကို အလွန်ခြိမ်းခြောက်ရာကျတယ်လို့ ယူဆနေပါတယ်။



အင်္ဂါနေ့ကလည်း အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်တို့ဟာ ၃ နိုင်ငံရေကြောင်းကာကွယ်ရေး လေ့ကျင့်မှုများ ပြုလုပ်ခဲ့ရာ မြောက်ကိုရီးယားအတွက် အမျက်ထွက်စရာ ဖြစ်ခဲ့ပါတယ်။

 

သူတို့ ၃ နိုင်ငံက လတ်တလောလများအတွင်း ကာကွယ်ရေး ပူးပေါင်းလုပ်ဆောင်မှုများ အရှိန်မြှင့်လုပ်ဆောင်လာရာ မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားစမ်းသပ်မှုများ ပိုမိုလုပ်ဆောင်လာတာဖြစ်ပါတယ်။

 

အမေရိကန်နဲ့ အခြားနိုင်ငံတွေ မဆင်မခြင်လုပ်ဆောင်နေတာတွေဟာ ကိုရီးယားကျွန်းဆွယ်ရေပြင်မှာ ကမ္ဘာ့အကြီးမားဆုံးစစ်ပွဲ ဖြစ်လာနိုင်ချေရှိနေပါတယ်လို့ ကင်မ်ဂျုံအန်းက ပြောကြားလိုက်ပါတယ်။

 

Source: NDTV #World_Military #နျူကလီးယားတိုက်ခိုက်မှု
#Yangon_Times