၃၀ ဩဂုတ် ၂၀၂၃

ဂါဘွန်နိုင်ငံတွင် ရွေးကောက်ပွဲရလဒ်ကြေညာအပြီးတွင် အဆိုပါရွေးကောက်ပွဲရလဒ်ကိုဖျက်သိမ်းပြီး  ဂါဘွန် စစ်သားအုပ်စုတစ်စုက အာဏာသိမ်းယူလိုက်ကြောင်း  ဩဂုတ် ၃၀ ရက် ဗုဒ္ဓဟူးနေ့က နိုင်ငံပိုင်ရုပ်သံမှ ကြေညာခဲ့ပါတယ်။

ကြေညာနေစဉ်အတွင်း ဂါဘွန်နိုင်ငံမြို့တော် လစ်ဘရီဗီလီတွင် သေနတ်သံတွေကြားရတယ်လို့ အေအက်ဖ်ပီ သတင်းထောက်များက ပြောပါတယ်။

ရွေးကောက်ပွဲရလဒ်များကို ဖျက်သိမ်းကြောင်းကြေညာတဲ့ စစ်သားများထဲမှ တစ်ဦးက “ သမ္မတနိုင်ငံရဲ့ အဖွဲ့အစည်းတွေအားလုံးကိုလည်း ဖျက်သိမ်းလိုက်တယ်လို့ပါ ပြောကြားပါတယ်။

“ လက်ရှိအစိုးရကို နိဂုံးချုပ်ပေးလိုက်ခြင်းဖြင့် ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေးကိုကာကွယ်ပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်”  လို့ ဂါဘွန် ၂၄ ရုပ်သံမှကြေညာရာတွင် စစ်သားတစ်ဦးက ပြောပါတယ်။ သူဟာ  “ အဖွဲ့အစည်းများ  အသွင်ကူးပြောင်းရေး နှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီ” ကိုယ်စားပြုပြောကြားတာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

“ အဲဒါကြောင့် ၂၀၂၃ ခုနှစ် ဩဂုတ် ၂၆ ရက်နေ့ မှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနှင့် အဲဒီရွေးကောက်ပွဲရဲ့ရလဒ်တွေကို ဖျက်သိမ်းပါတယ်” လို့သူကဖြည့်စွက်ပြောပါတယ်။

“သမ္မတနိုင်ငံရဲ့ အဖွဲ့အစည်းအားလုံးဖျက်သိမ်းပါတယ်။ အစိုးရ၊ဆီးနိတ်၊ အမျိုးသားလွှတ်တော်နှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးတွေဖြစ်ကြတယ်” လို့ သူကပြောပြီး နောက်ထပ်မကြေညာမချင်း နယ်စပ်တွေပါပိတ်လိုက်တယ်လို့ပါ ကြေညာသွားပါတယ်။

အဲဒီစစ်သားတွေထဲမှာ  သမ္မတအစောင့်တွေနှင့် ပုံမှန်စစ်တပ် စစ်သားတွေနှင့်ရဲအရာရှိတွေပါဝင်ပါတယ်။

အမျိုးသားရွေးကောက်ပွဲကော်မရှင်က  အာဏာ ၁၄နှစ်အထိရယူထားတဲ့ ဘွန်ဂိုဟာ တတိယမြောက်သက်တမ်းအတွက် ရွေးကောက်ပွဲမဲ ၆၄.၂၇ ရာခိုင်နှုန်းနှင့်ထပ်မံအရွေးခံရတယ်လို့ ကြေငြာအပြီး သိပ်မကြာခင်မှာပဲ အာဏာသိမ်းမှု ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ဘွန်ဂိုရဲ့ပြိုင်ဘက် အဲလ်ဘတ်အွန်ဒိုအိုဆာဟာ ၃၀.၇၇ ရာခိုင်နှုန်းပဲမဲရခဲ့တယ်လို့ ရွေးကောက်ပွဲရလဒ်ကြေညာချက်အရ သိရပါတယ်။

ရွေးကောက်ပွဲမှာ ဘွန်ဂိုရဲ့ အဖွဲ့တွေ လိမ်လည်မှုတွေကြိုးကိုင်လှုပ်ရှားခဲ့ကြတယ်လို့ မဲပေးမှုမပိတ်ခင်  အွန်ဒိုအိုဆာက ရှုတ်ချပြောဆိုခဲ့ပါတယ်။

တနင်္လာနေ့တုန်းက အွန်ဒိုအိုဆာရဲ့ မဲဆွယ်ပွဲ မန်နေဂျာ မိုက်ဂျောတိန်းက ဘွန်ဂို့ကို သွေးထွက်သံယိုမဖြစ်စဘဲ အာဏာလွှဲပေးဖို့ပြောခဲ့ပါတယ်။ သူက အထောက်အထားအတိအကျမပြဘဲ မဲတစ်စိတ်တစ်ပိုင်းရေတွက်မှုအပြီးမှာ အွန်ဒိုအိုတာက ရှင်းရှင်းလင်းလင်းအနိုင်ရနေတယ်လို့ ပြောပါတယ်။

ရွေးကောက်ပွဲရလဒ်ကို နိုင်ငံပိုင် ရုပ်မြင်သံကြားမှာ ကြိုတင်ကြေညာထားခြင်းမရှိဘဲ ‌မနက် ၃နာရီ ၃၀ မိနစ်မှာ ကြေညာလိုက်တာဖြစ်ပါတယ်။

စနေနေ့ မဲပေးမှုမပြီးဆုံးခင် ဘွန်ဂိုအစိုးရက စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခဲ့ပြီး နိုင်ငံအနှံ့အင်တာနက်တွေပိတ်ခဲ့ ပါတယ်။ အကြောင်းပြချက်က သတင်းမှားတွေ ပျံ့နှံသွားမှာ နှင့် အကြမ်းဖက်မှုတွေဖြစ်လာနိုင်တာကို ကြိုတင်ဟန့်တားဖို့လို့ဆိုပါတယ်။

ဂါဘွန်အာဏာသိမ်းမှုဟာ အနောက်နှင့်အလယ်အာဖရိကဒေသမှာ ၂၀၂၀ပြည့်နှစ်ကတည်းကဆိုရင် (၈)ခုမြောက် ဖြစ်ပါတယ်။ ယခုမတိုင်ခင်က နိုင်ဂျာနိုင်ငံမှာ ဇူလိုင်ကအာဏာသိမ်းခဲ့ပါတယ်။ အဲဒီမတိုင်ခင်က မာလီ၊ဂူအင်နီယာ၊ ဘာကီနာဖာဆိုနှင့် ချက်ဒ်တို့မှာ အာဏာသိမ်းမှုတွေဖြစ်ခဲ့ပါတယ်။

Source NDTV/Reuters/CNN