၂၈ ဩဂုတ် ၂၀၂၃

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရဲအထွေထွေဆေးရုံမှာ ဆေးဝါးတက်ရောက်ကုသခံယူနေတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ထံ ယနေ့ ဩဂုတ် ၂၈ ရက်မှာ ပထမဆုံးအဖြစ် သက်ဆင်ရဲ့ အထွေးဆုံးသမီး ဖယ်ထောင်တန် သွားရောက်သတင်းမေးမြန်းခဲ့တယ်လို့ ထိုင်းမီဒီယာများက သတင်းရေးသားကြပါတယ်။

သမီးထွေး ဖယ်ထောင်တန်ဟာ ဖခင်ဖြစ်သူသက်ဆင်နှင့် မိနစ် (၄၀)ကြာတွေ့ဆုံခွင့်ရခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ တနင်္လာနေ့မှာ သက်ဆင်ထံ လူမမာသတင်းမေးမြန်းမည့်သူတွေကို အကျဉ်းဌာနက စတင်သွားရောက်ခွင့်ပြုတာဖြစ်ပါတယ်။  သက်ဆင်ဟာ ထောင်ဒဏ် (၈)နှစ် ကျခံခဲ့ရတာပါ။ သူဟာ ဩဂုတ် ၂၂ရက်မှာ ထောင်ဒဏ်ချမှတ်ခံရပြီးနောက် ညတွင်းချင်းပဲ ဆိုးရွားလာတဲ့ကျန်းမာရေးအခြေအနေကြောင့် အကျဉ်းထောင်ဆေးရုံကနေ ရဲဆေးရုံသို့ ပြောင်းရွှေ့ပေးခဲ့တာဖြစ်တယ်လို့ သတင်းများကဖော်ပြပါတယ်။

သက်ဆင်ဟာ ဆေးရုံမှာ အရေးကြီးပုဂ္ဂိုလ်အဆင့်အတန်းနှင့် စောင့်ရှောက်ဆက်ဆံမှုရနေတယ်လို့ လူတော်တော်များများက ယုံကြည်ထားကြပါတယ်။ သူဟာ ရဲအထွေထွေဆေးရုံက ရဲအဆင့်မြင့်အရာရှိကြီးတွေကိုသာ ထားရှိတဲ့ ၁၄ထပ်မှာ ဆေးရုံတက်နေရတာဖြစ်ပါတယ်။

သမီးဖယ်ထောင်တန်ဟာ ရှေ့နေဖြစ်သူနှင့်အတူ ဖခင်ဆီသွားရောက်ခဲ့တာပါ။ သူမဟာ ဆေးရုံကို မွန်းလွဲ၁နာရီမှာ ရောက်ရှိခဲ့ပြီး မိနစ်၄၀အကြာမှာ ပြန်လည်ထွက်ခွာခဲ့ပါတယ်။

နေ့စဉ် သက်ဆင်ထံ လူ(၁၀)ဦး လာရောက်ခွင့်ပေးမှာဖြစ်ပြီး တစ်ဦးစီကို မိနစ်(၄၀) အချိန်ပေးထားပါတယ်။

Source: Thai media