Published_ 25 August 2023

ဖရုံစေ့တွေမှာ မဂ္ဂနီဆီယမ်၊ ဇင့်၊ ပရိုတိန်းတို့လို အာဟာရဓာတ်များ အပြည့်ပါဝင်ပြီး ဖရုံစေ့စားသုံးခြင်းဖြင့် တစ်နေ့တာပင်ပန်းမှုတွေကို ကာကွယ်နိုင်ကာ လိုအပ်တဲ့ အားအင်တွေကို ပေးစွမ်းနေမှာ ဖြစ်ပါတယ်။

အားအင် ထိန်းသိမ်းနိုင်ရန်အတွက် ဖရုံစေ့စားသုံးရန် ဟားဗတ်တက္ကသိုလ်မှ အာဟာရပညာရှင် ဒေါက်တာအူမာနိုင်ဒူက အင်စတာဂရမ်မှာ မျှဝေသွားပါတယ်။

မဂ္ဂနီဆီယမ်ဟာ ရောင်ရမ်းမှုကိုလျှော့ချပေးပြီး အာရုံကြောစနစ်ကို ပြေလျော့စေပါတယ်။

လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်တဲ့အခါ ခန္ဓာကိုယ်မှာ လက်တိတ်များ စုစည်းလာပြီး ပင်ပန်းနုံးချည့်ခြင်းကို ဖြစ်ပေါ်စေပါတယ်။

မဂ္ဂနီဆီယမ်ကတော့ ထိုကဲ့သို့ လက်တိတ်စုပြုံခြင်းကို ကာကွယ်ပေးကာ နုံးချည့်ခြင်းကို သက်သာစေပါတယ်။

အားအင်ထုတ်လုပ်ရန်နဲ့ ဇီဝဖြစ်စဥ်ကျန်းမာနေစေရန်အတွက် အရေးပါတဲ့ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်ကြောင်း၊ ခန္ဓာကိုယ်အနှံ့သို့ အောက်ဆီဂျင်ပေးပို့ရာမှာ လိုအပ်တဲ့ ဟေမိုဂလိုဘင်ဖြစ်ပေါ်မှုအတွက် သံဓာတ်က အရေးကြီးကြောင်း၊ မဂ္ဂနီဆီယမ်ကတော့ အစားအစာကို စွမ်းအင်အဖြစ် ပြောင်းလဲပေးကာ ကြွက်သားနဲ့ အာရုံကြော လုပ်ဆောင်မှုကို ထောက်ပံ့ပေးကြောင်း၊ အစားအစာထဲမှာ ဖရုံစေ့ထည့်သွင်းခြင်းဖြင့် ပင်ပန်းနွမ်းနယ်မှုကို သက်သာစေတဲ့ အာဟာရဓာတ်တွေ ပေးစွမ်းနိုင်ကြောင်း မားသားဟုဒ်ဆေးရုံမှ အာဟာရပညာရှင်အတိုင်ပင်ခံ အန်ဂျာနာနာအဲမှ ပြောပြသွားပါတယ်။

ဖရုံစေ့မှာ ဖိုင်တိုစတီရောလ်၊ ဖီနောလစ်ဒြပ်ပေါင်း၊ ဗိုက်တာမင်-အီး၊ ကူကာဘိုင်တာစင်၊ အိုမီဂါ-၃, ၆ , ၉ ဖက်တီးအက်ဆစများ၊ အမိုင်နိုအက်ဆစ်များ ပါဝင်ပါတယ်။

ဒါ့အပြင် ဖော့စ်ဖရပ်စ်၊ ဇင့်၊ မန်ဂနိစ်၊ သံဓာတ်၊ ကယ်လ်စီယမ်၊ ကြေးနီဓာတ်များလည်း ပါဝင်ပါတယ်။

ဖရုံစေ့စားခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးအချိုု့ကတော့ နှလုံးသွေးကြောကျန်းမာရေးအတွက် အကျိုးရှိခြင်း၊ ကိုယ်ခံအားစနစ်ကို ထောက်ပံ့ခြင်း၊ ဆဲလ်ကြီးထွားမှုကို ကူညီပေးခြင်း၊ စိတ်အခြေအနေနဲ့ အိပ်စက်မှုကို မြှင့်တင်ပေးခြင်း၊ မျက်လုံး ဆံပင် အရေပြားကျန်းမာရေး ကောင်းမွန်စေခြင်း၊ အရိုးကျန်းမာရေး ထိန်းသိမ်းပေးခြင်း၊ ကင်ဆာဆန့်ကျင်ခြင်းတို့ ဖြစ်ပါတယ်။

အမိုင်နိုအက်ဆစ် ထရစ်ပ်တိုဖန် ကြွယ်ဝပြီး ဆီရိုတိုနင်သို့ ပြောင်းလဲပေးကာ အိပ်စက်မှုကို ကောင်းမွန်စေပြီး စိတ်ဓာတ်ကျခြင်းကို သက်သာစေပါတယ်။
Source: The Indian Express.
#World_Health
#ဖရုံစေ့စားသုံးခြင်း #စွမ်းအင်မြှင့်တင်ပေး #ပင်ပန်းနွမ်းနယ်ခြင်းကိုပြေလျော့စေ #နှလုံးသွေးကြောကျန်းမာရေး
#YMG #Yangon_Times