Published_ 25 August 2023

ကလေးထိန်းတစ်ယောက်အနေနဲ့ ရုပ်သံတစ်ခုခု ကြည့်နေတတ်တယ်ဆိုရင် ကလေးငယ်အပေါ်မှာ ဆိုးကျိုးသက်ရောက်နိုင်တယ်လို့ လေ့လာချက်တစ်ခုမှာ တွေ့ရှိထားပါတယ်။

ရင်ခွင်ပိုက်အရွယ် ကလေးတွေမှာ တီဗီ၊ ကွန်ပျူတာ၊ ဖုန်းဖန်သားပြင်တွေကို ကြည့်ရှုချိန်ပိုများလေ ဖွံ့ဖြိုးကြီးထွားမှု ပိုပြီးနှောင့်နှေးလေ ဖြစ်ပါတယ်။

ထိုနှောင့်နှေးမှုတွေထဲမှာ စကားပြောဆိုခြင်း၊ ခန္ဓာကိုယ်လှုပ်ရှားခြင်း၊ ပြဿနာဖြေရှင်းခြင်း၊ တစ်ကိုယ်ရည်နဲ့ လူမှုရေး အရည်အသွေးများ ပါဝင်နေကြောင်း JAMA ကလေးဂျာနယ်မှာ ဖော်ပြထားပါတယ်။

စက်ပစ္စည်းဖန်သားပြင်ကို စိတ်ပါပါ မပါပါ ကြည့်ရှုနေခြင်းဖြင့် အပြန်အလှန်ပြောဆို ဆက်ဆံခြင်းမှာ အနှောင့်အယှက်ဖြစ်စေသလို လူမှုပေါင်းသင်းရေးမှာလည်း ချို့ယွင်းစေကြောင်း ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ကလေးအထူးကုပရော်ဖက်ဆာ ဒေါက်တာဂျေဆန်နာဂါတာက ပြောပြခဲ့ပါတယ်။

လေ့လာချက်များအရ စက်ပစ္စည်းဖန်သားပြင်ကို တစ်နေ့ ၄ နာရီအထိ ကြည့်ရှုလေ့ရှိတဲ့ အသက် ၂ နှစ်အရွယ် ကလေးတွေဟာ ဆက်ဆံရေးနဲ့ ပြဿနာဖြေရှင်းခြင်း စွမ်းရည်တွေမှာ ဖွံ့ဖြိုးမှုနှောင့်နှေးခြင်းမျိုး ၃ ဆလောက်အထိ ပိုမိုဖြစ်နိုင်ချေရှိကြောင်း တွေ့ရှိခဲ့ကြပါတယ်။

တစ်နေ့ကို ၄ နာရီထက်ပိုကြာအောင် ကြည့်ရှုတဲ့ကလေးတွေကတော့ ဖွံ့ဖြိုးမှုနှောင့်နှေးနိုင်ချေ ၅ ဆပိုများနေပါတယ်။

အသက် ၄ နှစ်အရွယ် ကလေးများအထိ ထိုပြဿနာတွေ ထင်ရှားနေပါသေးတယ်။

စက်ပစ္စည်းဖန်သားပြင် ကြည့်ရှုချိန်များတဲ့ အကြောင်းအရင်းတွေထဲမှာ ကလေးရဲ့အမေက ငယ်ရွယ်ခြင်း၊ ပထမအကြိမ် ကလေးမွေးဖူးခြင်း၊ ဝင်ငွေနဲ့ ပညာရေးအခြေအနေ နိမ့်ပါးခြင်းတို့ ပါဝင်နေပြီး မီးဖွားပြီးနောက် စိတ်ဓာတ်ကျခြင်း အခြေအနေ ခံစားရနိုင်ချေ များသူတွေဖြစ်ပါတယ်။

ဖန်သားပြင် ကြည့်ရှုသမျှတိုင်းကို ထည့်တွက်လို့ မရနိုင်သလို ဥပမာအားဖြင့် ပညာပေးအစီအစဥ်ကြည့်ခြင်း၊ မိသားစုနဲ့ ချက်တင်ပြောဆိုခြင်းတို့က အခြားအပျော်အပါး ကြည့်ရှုစရာများနဲ့ မတူညီပါဘူး။

အရေးကြီးဆုံးကတော့ ဒီတွေ့ရှိချက်တွေဟာ လူ့အဖွဲ့အစည်းတစ်ခုမှာသာ လေ့လာထားတာဖြစ်ပြီး ဒါတွေကိုပဲကြည့်ပြီး လိုက်လံမကန့်သတ်သင့်ကြောင်း ဂျပန်နိုင်ငံ တိုဟိုကူတက္ကသိုလ်မှ ဒေါက်တာတာကူအိုဘာရာက ပြောကြားခဲ့ပါတယ်။
Source: New York Post
#World_Health
#YMG #Yangon_Times