Published 25 August 2023

၂၀၂၀ အမေရိကန် ရွေးကောက်ပွဲရလဒ်တွေကို ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းမှုများအတွက် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို အတ္တလန္တာအကျဥ်းထောင်မှာ စာရင်းသွင်းထားစဥ်မှာပဲ တရားခံဓာတ်ပုံ ဖော်ပြခံရတဲ့ ပထမဆုံး အမေရိကန်သမ္မတဟောင်း ဖြစ်လာပါတယ်။

အသက် ၇၇ နှစ်ရှိ ထရမ့်ဟာ ပူးပေါင်းကြံစည်ခြင်း၊ မဟုတ်မမှန် ပြောဆိုခြင်း၊ အစိုးရအရာရှိတစ်ဦးကို ကျမ်းသစ္စာချိုးဖောက်စေရန် တောင်းဆိုခြင်း စတဲ့စွပ်စွဲချက်များဖြင့် ဩဂုတ် ၁၄ ရက်နေ့က တရားစွဲချက်တင်ခံရပြီးနောက် ဖူလ်တန်ကောင်တီအကျဥ်းထောင်မှ အာဏာပိုင်များထံ ကိုယ်တိုင်သွားရောက် ဝန်ခံခဲ့ပါတယ်။

ဒေါ်လာ ၂ သိန်းတန် ခံဝန်ချုပ်ဖြင့် လွတ်မြောက်လာခဲ့ပြီး အမှုထဲမှာပါဝင်ခဲ့တဲ့ အလိုတူတွေ၊ မျက်မြင်သက်သေတွေအကြောင်း ဆိုရှယ်မီဒီယာပေါ်မှာ တင်ပြတာနဲ့ပတ်သက်ပြီး ကန့်သတ်အသုံးပြုရန် သဘောတူညီခဲ့ပါတယ်။

ဘာမှမလုပ်ဘဲနဲ့ တရားခံဓာတ်ပုံဖော်ပြခံရတာဟာ အလွန်ကို ခံရခက်တယ်လို့ တပ်မှူးချုပ်ဟောင်းတစ်ဦးလည်းဖြစ်တဲ့ ထရမ့်က Fox News Digital ကို ပြောကြားသွားပါတယ်။

သူတို့က တရားခံဓာတ်ပုံ ဖော်ပြဖို့ အတင်းပြောဆိုနေတာကြောင့် သဘောတူလိုက်ရကြောင်း၊ ဒီလိုဖော်ပြခံရတာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

ထိုကိစ္စနဲ့ ပတ်သက်ပြီး ထရမ့်ရဲ့ရှေ့နေ အယ်လီနာဟက်ဘာက ''တရားခံဓာတ်ပုံ ဖော်ပြတယ်ဆိုတာ တစ်ယောက်ယောက်ကို မသိရတဲ့အခါ ဖော်ပြတာမျိုး ဖြစ်ပါတယ်။

ဒီလူတော့ ကမ္ဘာပေါ်မှာ အကျော်ကြားဆုံးလူဖြစ်ပြီး ရီပတ်ဘလစ်ကန်ထဲမှာ ဦးဆောင်နေတဲ့ ရွေးကောက်ခံလည်း ဖြစ်ပါတယ်'' လို့ ဆိုခဲ့ပါတယ်။

စွဲချက် ၄၁ ခုပါဝင်တဲ့ တရားစွဲဆိုချက်ထဲမှာ ထရမ့်အပြင် နောက်ထပ် ၁၈ ဦးကိုလည်း တရားစွဲထားကာ အားလုံးက ယခုတစ်ပတ်အတွင်း ဝန်ခံသွားခဲ့ပါတယ်။

သူတို့တွေဟာ ဂျော်ဂျီယာအကြမ်းဖက်နှင့် အကျင့်ပျက်အဖွဲ့အစည်းဥပဒေကို ချိုးဖောက်မှုဖြင့် တရားစွဲခံရတာဖြစ်ပါတယ်။

ယင်းတို့ဟာ ဘာမှအမှားမလုပ်ခဲ့ကြောင်း၊ မရိုးမမှန်ဘူးလို့ ထင်ခဲ့တဲ့ရွေးကောက်ပွဲကို စိန်ခေါ်ရင်ဆိုင်ခွင့် အပြည့်ရှိကြောင်း ထရမ့်က ပြောကြားသွားပါတယ်။
Source: New York Post
#World_News
#YMG #Yangon_Times