#WorldNews

Published-  8 November 2021

တရုတ်နိုင်ငံရဲ့ ရေတပ်အင်အားဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံးရေတပ်ဖြစ်ပြီး သင်္ဘောပေါင်း ၃၅၅ စင်း ပါဝင်ဖွဲစည်းထားတယ်လို့ အမေရိကန်ကာကွယ်ရေးဌာနက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

တရုတ်တို့ရဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရေတပ်ဟာ စစ်သင်္ဘောနဲ့ရေငုပ်သင်္ဘော ၃၅၅ စင်းပိုင်ဆိုင်ထားပြီး တိုက်သင်္ဘော ၁၄၅ စင်းခန့် ရှိတယ်လို့ ခန့်မှန်းရပါတယ်။

ကုန်းမြေပေါ်ရှိပစ်မှတ်တွေကို အဝေးမှတိတိကျကျပစ်ခတ်နိုင်အောင်လည်း အသင့်ပြင်ဆောင်ရွက်လျက်ရှိပြီး ရေငုပ်သင်္ဘောတွေကို တန်ပြန်ခုခံနိုင်မယ့် စစ်ရေးစနစ်တွေကိုလည်း အဆင့်မြှင့်ထားတာကြောင့် တရုတ်တို့က တကမ္ဘာလုံးကို ခြယ်လှယ်ချုပ်ကိုင်နိုင်စွမ်းရှိလာအောင် ဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။

သူတို့ရဲ့ရေတပ်အင်အားဟာ အနာဂတ်မှာ ဒီထက်ပိုမိုကြီးမားလာဖို့ပဲရှိပြီး ၂၀၃၀ အရောက်မှာ တရုတ်ရေတပ်အင်အားဟာ သင်္ဘောပေါင်း ၄၆၀ ခန့်ရှိလာမယ်လို့ ကာကွယ်ရေးဌာနက ခန့်မှန်းထားပါတယ်။

ကမ္ဘာမှာ အကြီးမားဆုံးရေတပ်ကို ပိုင်ဆိုင်ထားတဲ့အပြင် ကမ္ဘာပေါ်မှာ အတောင့်တင်းဆုံးစစ်သည်အင်အားရှိနေပြီး လေတပ်မှာလည်း တတိယမြောက်အင်အားအကြီးဆုံးနိုင်ငံအဖြစ် တည်ရှိနေပါတယ်။

ဒါ့အပြင် နျူကလီးယားလက်နက်ထုတ်လုပ်နိုင်တဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံနဲ့ ထိုင်ဝမ်တို့ကြား နိုင်ငံရေးတင်းမာမှုတွေဖြစ်နေချိန်မှာ ဒီဖော်ပြချက်တွေက ပိုပြီးသိသာထင်ရှားလာပါတယ်။

ထိုင်ဝမ်တို့က သူတို့နယ်မြေကို တရုတ်အုပ်ချုပ်မှုအောက်မှ လွတ်လပ်ရာနယ်မြေအဖြစ် အဆိုပြုထားပေမယ့် တရုတ်ပြည်မကြီးကတော့ ဒီအဆိုပြုချက်ကိုပယ်ချထားပါတယ်။

တရုတ်တို့က ထိုင်ဝမ်လေပိုင်နက်ထဲကို အကြိမ်ကြိမ်ကျူးကျော်ဝင်ရောက်နေသည်မှာ တစ်နှစ်ကျော်လောက်ရှိနေပြီဖြစ်ပြီး အောက်တိုဘာ ၁ ရက်နေ့က ကျူးကျော်မှုအများဆုံးဖြစ်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ အမေရိကန်နဲ့ ကနေဒါတို့က ထိုင်ဝမ်ရေလက်ကြားဆီကို စစ်သင်္ဘောတွေ စေလွှတ်ခဲ့ပြီး ဒီလုပ်ရပ်ကို တရုတ်တို့က ရှုတ်ချခဲ့ပါတယ်။

သောကြာနေ့မှာတော့ တရုတ်တို့က ထိုင်ဝမ်ကို သီးခြားလွတ်လပ်ခွင့်မရှိစေရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပြီး ထိုင်ဝမ်ရဲ့ လွတ်လပ်ခွင့်ကို ထောက်ခံအားပေးတဲ့သူတွေဟာ ဥပဒေချိုးဖောက်ရာကျမှာဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်ဝမ်လွတ်လပ်ခွင့်ရရှိဖို့ ခံယူထားသူတွေကို ပြစ်ဒဏ်ချမှတ်သွားမှာဖြစ်တယ်လို့ တရုတ်တို့က ပထမဆုံးအကြိမ်အဖြစ် ကြေညာလိုက်ပါတယ်။
Source: The Jerusalem Post