Published_ 22 August 2023

အ​မေရိကန်နဲ့ ​တောင်ကိုရီးယားတို့ကြား နှစ်စဉ်စစ်ေရးလေ့ကျင့်မှုများကို မြောက်ကိုရီးယားတို့က အင်္ဂါနေ့က ရှုံချလိုက်ကာ ကမ့်ဒေးဗစ်မှာ ပြုလုပ်ခဲ့တဲ့ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှ ခေါင်းဆောင်များကြား ဆက်ဆံရေး ပိုမိုနက်ရှိိုင်းစေမယ့် ၃ နိုင်ငံသဘောတူညီချက်ကြောင့် သာမိုနျူကလီးယားစစ်ပွဲ ဖြစ်လာနိုင်ချေရှိကြောင်း သတိပေးလိုက်ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတို့ကို ပူးပေါင်းတုန့်ပြန်ခြင်းကို မြှင့်တင်တဲ့ အနေနဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က အူလ်ချီဖရီးဒမ်ရှီးလ်ဆမ်းမားလေ့ကျင့်မှုများကို တနင်္လာနေ့က စတင်ပြုလုပ်ခဲ့ပါတယ်။

မြောက်ကိုရီးယားတို့က အဆိုပါစစ်ရေးလေ့ကျင့်မှုများကို စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်နေတာ ဖြစ်တယ်ဆိုပြီး ရှုံ့ချနေတာကြာပါပြီ။

တောင်ကိုရီးယား၊ ဂျပန်၊ အမေရိကန်တို့ ကမ့်ဒေးဗစ်မှာ ကျင်းပတဲ့ ထိပ်သီးအစည်းအဝေးဟာ နျူကလီးယားစစ်ပွဲ ပေါ်ပေါက်လာအောင် ရည်ရွယ်နေတယ်လို့ မြောက်ကိုရီးယားက ပြောကြားလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က ဖော်ပြလိုက်ပါတယ်။

ကမ့်ဒေးဗစ်မှာ ပြုလုပ်တဲ့ သဘောတူညီချက်တွေက စစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေတဲ့ သဘောရောက်နေရင် ကိုရီးယားကျွန်းဆွယ်မှာ သာမိုနျူကလီးယားစစ်ပွဲ ဖြစ်ပွားနိုင်ချေက လက်တွေ့ဖြစ်လာနိုင်ကြောင်း ဖော်ပြထားပါတယ်။

အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယားမှ ခေါင်းဆောင်များသာ တွေ့ဆုံတဲ့ ပထမဆုံးအစည်းအဝေးပွဲမှာ ထို ၃ နိုင်ငံက အင်အားကြီးထွားလာတဲ့ တရုတ်နဲ့ မြောက်ကိုရီးယားတို့ရဲ့ နျူကလီးယားခြိမ်းခြောက်မှုတို့ကို ပူးပေါင်းရင်ဆိုင်ရန် ရည်ရွယ်ကာ စစ်ရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်နဲစွာ လုပ်ဆောင်ဖို့ သဘောတူညီခဲ့ကြပါတယ်။

မြောက်ကိုရီးယားတို့က ဩဂုတ် ၂၄ ရက်နဲ့ ၃၁ ရက်နေ့ကြားမှာ ဂြိုဟ်တုတစ်ခုကို ပင်လယ်ဝါနဲ့ အရှေ့တရုတ်ပင်လယ်တို့ဘက် ဦးတည်ကာ လွှင့်တင်သွားမှာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

၃ နိုင်ငံ သဘောတူညီချက်နဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ကန့်ကွက်တဲ့အနေနဲ့ မြောက်ကိုရီးယားတို့ဟာ တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်ခြင်း၊ အခြားစစ်ရေးလုပ်ဆောင်မှုများ ပြုလုပ်ခြင်းတို့ ဆောင်ရွက်နိုင်ဖွယ်ရှိကြောင်း တောင်ကိုရီးယား ဥပဒေပြုလွှတ်တော်အမတ်များက ဆိုလိုက်ပါတယ်။
Source: Reuters.
#World_News
#(၃)နိုင်ငံသဘောတူညီချက်များ #သာမိုနျူကလီးယားစစ်ပွဲ #မြောက်ကိုရီးယားသတိပေး
#YMG #Yangon_Times