Published_ 22 August 2023

လူတွေဟာ ဆေးခန်းတွေသွားပြီး ကာကွယ်ဆေးအမျိုးမျိုး ထိုးကြပေမယ့် လက်မောင်းတစ်ဖက်တည်းမှာပဲ ထိုးသင့်သလား၊ နှစ်ဖက်စလုံးမှာ ထိုးသင့်သလား ဆိုတာကိုတော့ ဆရာဝန်တွေရော သူနာပြုတွေရော မသိကြပါဘူး။

ဂျာမနီနိုင်ငံ ဆာလန်းတက္ကသိုလ်မှ ပရော်ဖက်ဆာ 'မာတီနာဆက်ဆတာ'နဲ့ သူ့ရဲ့ကျောင်းသူ 'လော်ရာဇီဂလာ'တို့က ကာကွယ်ဆေးတွေရဲ့ ထိရောက်ပုံကို စိတ်ဝင်စားခဲ့ကြပြီး ကာကွယ်ဆေးတွေက ခန္ဓာကိုယ်ထဲမှာ ဘယ်လိုသွားလာသလဲ၊ အလိုရှိနေတဲ့နေရာသို့ တိုက်ရိုက်သွားသလား သွယ်ဝိုက်သွားသလား၊ သွားရာလမ်းတလျှောက် သာမန်ဆဲလ်တွေကို ထိခိုက်စေသလား ဆိုတာတွေကို သိချင်ခဲ့ကြပါတယ်။

ကာကွယ်ဆေးတွေကို လက်မောင်းတစ်ဖက်တည်းမှာ ထိုးခြင်းနဲ့ နှစ်ဖက်စလုံးမှာ ထိုးခြင်းတို့က ကိုယ်ခံအားမြှင့်တင်ပေးနိုင်ပေမယ့် ဒုတိယအကြိမ် အားဖြည့်ကာကွယ်ဆေး ထိုးတဲ့အခါမှာတော့ မူလလင့်နုတ်တွေ စီးဆင်းရာလမ်းကြောင်းအတိုင်း ထိုးသွင်းပါက ပိုပြီးထိရောက်စေကြောင်း၊ လေ့လာချက်များအရ လက်မောင်းတစ်ဖက်တည်း ထိုးခြင်းက ကိုယ်ခံအားစနစ်ကို ပိုမိုမြှင့်တင်ပေးနိုင်ကြောင်း အသက် ၂၃ နှစ်ရှိ ဇီဂလာက ပြောပြခဲ့ပါတယ်။

ကိုဗစ်ကာလအစကတည်းက ဂျာမနီနိုင်ငံရဲ့ ကာကွယ်ရေးထိုးနှံရေးမှာ အဓိကအသုံးပြုခဲ့တဲ့ ဘိုင်အိုအင်တက်ခ် mRNA ကာကွယ်ဆေးထိုးနှံခဲ့တဲ့ လူ ၃၀၃ ဦးထံမှ အချက်အလက်များကို ရယူခဲ့ပါတယ်။

တိုးမြှင့်ကာကွယ်ဆေး ထိုးပြီး ၂ ပတ်အကြာမှာ killer T ဆဲလ်တွေက လက်မောင်းတစ်ဖက်တည်း ကာကွယ်ဆေးထိုးသူတွေမှာ သိသိသာသာ ပိုမိုများပြားနေကြောင်း တွေ့ရှိခဲ့ပါတယ်။

ဒါကြောင့် SARS-CoV-2 ရောဂါပိုး ဝင်ရောက်တဲ့အခါ လက်မောင်းတစ်ဖက်ထဲမှာပဲ ကာကွယ်ဆေးထိုးတဲ့သူတွေက ကာကွယ်နိုင်စွမ်း ပိုမိုမြင့်မားကြောင်း ကောက်ချက်ချနိုင်ပါတယ်။

ဒါ့အပြင် ကိုယ်ခံအားပဋိပစ္စည်းတွေဟာလည်း လက်မောင်းတစ်ဖက်ထဲ ကာကွယ်ဆေးထိုးတဲ့သူတွေမှာ ပိုပြီးအကျိုးသက်ရောက်နေပါတယ်။

ထိုအချက်အလက်တွေဟာ ဘိုင်အိုအင်တက်ခ် ကာကွယ်ဆေးထိုးထားတဲ့ လူ ၃၀၃ ဦးထံမှသာ လေ့လာထားတာကြောင့် ကောက်နုတ်ချက်ကို သတိထားဖို့ လိုနေသေးတယ်လို့ ဆိုပါတယ်။

ရာသီအလိုက် ကာကွယ်ဆေးတွေနဲ့ တုပ်ကွေးကာကွယ်ဆေး ထိုးရာမှာလည်း ဒီလိုမျိုး သက်ရောက်နိုင်သလား ဆိုတာကိုသိရဖို့ နောက်ထပ်လေ့လာချက်တွေ လိုအပ်နေပါတယ်။

ဒါပေမဲ့ အချို့သောကာကွယ်ဆေးတွေဟာ လက်မောင်းတစ်ဖက်တည်း ထိုးတဲ့အခါ ကိုယ်ခံအား ပိုမိုအလုပ်လုပ်တယ်ဆိုတာ ဖြစ်နိုင်ချေရှိကြောင်း ပြောပြသွားပါတယ်။
Source: The Jerusalem Post
#World_Health
#YMG #Yangon_Times