အနားယူတော့မယ့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာ သူ့သားအကြီးဆုံး ဦးဆောင်တဲ့ အစိုးရအဖွဲ့ထဲ သူ့ရဲ့ အငယ်ဆုံးသား၊သူ့ရဲ့တူဖြစ်သူတို့ကို အကြီးတန်းနေရာများပေးပြီး အစိုးရအသစ်ဖွဲ့စည်းတော့မှာဖြစ်ပါတယ်။

ဆယ်စုနှစ်လေးစုနီးပါးမျှ ကမ္ဘောဒီးယားကို အုပ်စိုးခဲ့ပြီးနောက် ဟွန်ဆန်ဟာ ဝန်ကြီးချုပ်အဖြစ်က အနားယူတော့မယ့် အကြောင်း ပြောခဲ့ပြီးနောက် သူ့သားအကြီးဆုံး အသက် ၄၅နှစ်အရွယ် ဗိုလ်ချုပ်ကြီး ဟွန်မန်နက်ကို ဘုရင်မင်းမြတ်က ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။

အစိုးရအဖွဲ့အသစ်ထဲမှာ ဟွန်ဆန်ရဲ့ သားအငယ်ဆုံး ဟွန်မန်နီဟာ အစိုးရဌာနများဝန်ကြီးအဖြစ်လည်းကောင်း၊ တူဖြစ်သူ လက်ရှိ ရဲချုပ် နက်ဆာဗိုယမ်ကို  ဒုတိယဝန်ကြီးချုပ်အဖြစ်လည်းကောင်း ခန့်အပ်မှာဖြစ်ပါတယ်။ အဲဒီအပြင် အနားယူတော့မယ့်ပြည်ထဲရေးဝန်ကြီးနှင့် ကာကွယ်ရေးဝန်ကြီးတွေရဲ့ သားတွေကလည်း ဖခင်တွေရဲ့ ဝန်ကြီးနေရာတွေမှာ အစားထိုးနေရာယူမှာဖြစ်တဲ့အကြောင်း  ထုတ်ပြန်ချက်မူကြမ်းကို ကြည့်ခွင့်ရခဲ့တဲ့ အေအက်ဖ်ပီကရေးပါတယ်။

ဟွန်ဆန်ဟာ လက်ရှိဝန်ကြီးအဖွဲ့နှင့် အသစ်ဖွဲ့မယ့်ဝန်ကြီးအဖွဲ့တွေနှင့်တွေ့ဆုံခဲ့တာကို တယ်လီဂရမ်မှာ ပို့်စ်တင်ခဲ့ပါတယ်။

ဟွန်ဆန်ဟာ ဝန်ကြီးချုပ်အဖြစ်မှ  အနားယူပြီးတဲ့နောက် လာမယ့်နှစ်ဆန်းမှာ ဆီးနိတ်ဥက္ကဋ္ဌဖြစ်လာပါလိမ့်မယ်။ အဲဒီ့အပြင်  ဘုရင်မင်းမြတ် နိုင်ငံရပ်ခြားသွားနေတဲ့အချိန်မျိုးမှာ ယာယီနိုင်ငံတော်ခေါင်းဆောင် acting  head of state အဖြစ် တာဝန်ထမ်းဆောင်မှာလည်းဖြစ်ပါတယ်။ သူဟာ ၂၀၃၃ခုနှစ်အထိ အခြားသော ရာထူးတွေယူဦးမှာဖြစ်တယ်လို့ လည်းဟွန်ဆန်ကပြောကြောင်း CNA သတင်းမှာဖော်ပြထားပါတယ်။

Ref- AFP/CNA