#World_Health
Published 7 August 2023


အိပ်ချိန်မမှန်ခြင်းကြောင့် ခန္ဓာကိုယ်အတွင်းပိုင်း လည်ပတ်မှုများ ထိခိုက်စေခြင်းနဲ့ ကျန်းမာရေးဆိုးကျိုးများကြား ဆက်စပ်ပုံကို ကင်းစ်ကောလိပ်လန်ဒန်မှ သုတေသီများ တွေ့ရှိခဲ့ကြပါတယ်။

 

အရွယ်ရောက်ပြီးသူ ၁ ထောင်နီးပါးခန့်ကို ခေါ်ယူပြီး သွေး၊ မစင်၊ အူလမ်းကြောင်းပိုးမွှားများကို ခွဲခြိမ်းစိတ်ဖြာကာ ပုံမှန်အိပ်ချိန်အတိုင်း လိုက်နာအိပ်စက်သူများနဲ့ ပုံမှန်အိပ်ချိန် မအိပ်သူများကို နှိုင်းယှဉ်ခဲ့ပါတယ်။

 

အိပ်စက်ချိန်ကွာခြားချက် မိနစ် ၉၀ မျှ ကွာခြားရုံဖြင့်ပင် အူလမ်းကြောင်းပိုးမွှားဖွဲ့စည်းမှုအပေါ် သက်ရောက်မှုရှိကြောင်း တွေ့ရှိခဲ့ကြပါတယ်။

 

ခန္ဓာကိုယ်တွင်း နေ့ညလည်ပတ်မှုပုံစံမှာ တိုးတက်ပြောင်းလဲခြင်းဖြင့် အူလမ်းကြောင်းပိုးမွှားများအတွက် ပိုမိုကောင်းမွန်စေလားဆိုတာကို ဆုံးဖြတ်ဖို့ နောက်ထပ်သုတေသနတွေ လိုအပ်သေးကြောင်း စာတမ်းပြုစုသူ ဒေါက်တာ'ဝမ်ဒီဟောလ်'က ပြောပြသွားပါတယ်။

 

အရည်အသွေးနိမ့်ပါးတဲ့ စားသောက်မှုပုံစံထဲမှာ အသီးအနှံ ဟင်းသီးဟင်းရွက် အခွံမာသီးနည်းပါးခြင်းနဲ့ အချိုရည်အသောက်များခြင်းတို့ ပါဝင်ကာ အူလမ်းကြောင်းပိုးမွှားများကို ထိခိုက်စေပါတယ်။

 

ထိုကနေ အဝလွန်ခြင်း၊ ရောင်ရမ်းခြင်း၊ နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ချေတို့ ရှိနေပါတယ်။

 

အူလမ်းကြောင်းကျန်းမာရေး ကောင်းမွန်စေရန်အတွက် အိပ်ချိန်ပုံမှန်သတ်မှတ်ခြင်းဖြင့် အလွယ်တူထိန်းညှိလုပ်ဆောင်နိုင်ပါတယ်လို့ ကျန်းမာရေးသိပ္ပံကုမ္ပဏီ Zoe မှ ဒေါက်တာ'ဆာရာဘယ်ရီ'က ပြောကြားလိုက်ပါတယ်။

 

အိပ်စက်ခြင်းက ကျန်းမာရေးအတွက် အဓိကသော့ချက်တစ်ခုဖြစ်ပြီး ခန္ဓာကိုယ်အတွင်းပိုင်း နေ့ညလည်ပတ်မှုများနဲ့ အူလမ်းကြောင်းပိုးမွှားတို့အတွက် ဒီသုတေသနက အကျိုးရှိလာစေမှာဖြစ်တယ်လို့ Zoe မှ အာဟာရသိပ္ပံပညာရှင် 'ကေတီဘာမင်ဂမ်'က ပြောကြားခဲ့ပါတယ်။

 

အိပ်ချိန်များလွန်းခြင်း နည်းလွန်းခြင်းက ကျန်းမာရေးဆိုးရွားလာစေကြောင်းလည်း အရင်ကလေ့လာတွေ့ရှိထားပါတယ်။

 

တစ်ညကို အိပ်ချိန် ၉ နာရီကျော်လွန်ပါက လေဖြတ်နိုင်ချေများပြီး တရေးတမောကို ကြာရှည်စွာအိပ်စက်ပါက သွေးတိုးခြင်း၊ BMI နဲ့ ခါးအရွယ်အစားတက်ခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။

 

ကောင်းမွန်စွာအိပ်စက်ခြင်းက နှလုံးသွေးကြောရောဂါဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ကြောင်း ကိုလံဘီယာတက္ကသိုလ်မှ သုတေသီများ ဖော်ပြခဲ့ပါတယ်။


#World_Health #အလုပ်ပိတ်ရက်များတွင် တရေးတမောအိပ်စက်ခြင်း
Source: NY Post