Published - 5 Nov 2021
အိန္ဒိယနိုင်ငံပြည်တွင်းထုတ် ကိုဗစ်ကာကွယ်ဆေး Covaxin ကိုဗက်ဇင်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အရေးပေါ်သုံးအဖြစ် အတည်ပြုပေးလိုက်ပါတယ်။
ကိုဗက်ဇင်းကို အိန္ဒိယနိုင်ငံ ဘာရက်ဘိုင်အိုတက်ခ်နှင့် အိန္ဒိယ ဆေးသုတေသနကောင်စီကို ပူးပေါင်းထုတ်လုပ်ကြတာဖြစ်ပြီး အသက်မရှိတဲ့ ကိုရိုနာဗိုင်းရပ်စ်နှင့် ကာကွယ်ဆေးပြုလုပ်ထားတာဖြစ်ပါတယ်။ ဒီကာကွယ်ဆေးဟာ နှစ်ကြိမ်ထိုးရတဲ့ ကာကွယ်ဆေးလည်းဖြစ်ပါတယ်။
ကိုဗက်ဇင်းဟာ ကိုဗစ်-၁၉ ဆိုးရွားမှုကို ၇၈ရာခိုင်နှုန်းကာကွယ်ပေးနိုင်ပြီး လွယ်လွယ်ကူကူသိုလှောင်နိုင်လို့ ဆင်းရဲတဲ့နိုင်ငံတွေအတွက် အလွန့်ကို သင့်တော်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောပါတယ်။
ကိုယ်ဝန်ဆောင်သည်တွေအတွက် ဘေးကင်းစိတ်ချရမှုနှင့် ကာကွယ်နိုင်မှုတွေနှင့်ပတ်သက်လို့ ဒီကာကွယ်ဆေးက လုံလောက်တဲ့ သချက်အလက်တွေမရသေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ပညာရှင်အုပ်စုက ပြောပါတယ်။
အိန္ဒိယ ကာကွယ်ဆေးဌာနက ကိုဗက်ဇင်းကို လူတွေနှင့် စမ်းသပ်မှုတွေ အပြီးမှာ ဇန်နဝါရီလတုန်းက ခွင့်ပြုခဲ့ပါတယ်။ အဲဒီတုန်းက ကျန်းမာရေးပညာရှင်တွေက ချက်ခြင်းကြီးခွင့်ပြုလိုက်တဲ့အပေါ် စိတ်ပူခဲ့ကြပါသေးတယ်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီက မတ်လတုန်းက အဲဒီဆေးရဲ့ပထမဆေးကို ထိုးခဲ့ပါတယ်။ အောက်တိုဘလအလယ်ထိ အိန္ဒိယမှာ လူပေါင်းသန်း ၁၁၀ ကို အဲဒီဆေးထိုးပေးခဲ့ပြီးဖြစ်လို့ အက်စထရာဇင်နီကာပြီးရင် အိန္ဒိယမှာ ဒုတိယမြောက်အသုံးအပြုဆုံး ကာကွယ်ဆေးဖြစ်နေပါတယ်။
အိန္ဒိယက သူ့ပြည်တွင်းဖြစ်ကာကွယ်ဆေးကို ထပ်ခါတလဲလဲ ထောက်ခံပေးနေပေမယ့် ဘာရက်ဘိုင်အိုတက်အနေနှင့် ကာကွယ်ဆေးတိုးမြှင့်ထုတ်လုပ်ဖို့ အခက်ကြုံနေရပါတယ်။ ပျှမ်းမျှအားဖြင့် တစ်လကို ကာကွယ်ဆေးလုံးရေပေါင်း ၂၅သန်း ထုတ်လုပ်နေပြီး ထုတ်လုပ်မှုကို တစ်လ ၅၈ သန်းအထိ တိုးမြှင့်ထားဖို့မျှော်လင့်ထားတယ်လို့တော့ ကျန်းမာရေးဝန်ကြီးဌာနက ပြောထားပါတယ်။
ဘရာဇီး၊ဖိလစ်ပိုင်၊အီရန်နှင့် မက္ကဆီကိုစတဲ့ နိုင်ငံတော်တော်များများမှာ ကိုဗက်ဇင်းကို အတည်ပြုပြီးပြီလို့ ကုမ္ပဏီက ပြောပါတယ်။ အိန္ဒိယက ပြည်ပတင်ပို့မှုမရပ်ဆိုင်းခင်အထိ ကိုဗက်ဇင်းကို မြန်မာ ၊ပါရာဂွေးနှင့်ဇင်ဘာဘွေတို့ကို ကူညီထောက်ပံ့ခဲ့ပြီး မောရစ်သျှနှင့်အီရန်တို့ကို ရောင်းချခဲ့တယ်လို့လည်း ပြောပါတယ်။
ယနေ့အထိကမ္ဘာ့ကျန်းမာရေးအဖွဲ့က အက်စထရာဇင်နီကာ၊ ဖိုင်ဇာ၊ မိုဒါနား၊ဂျွန်ဆင်အင်န်ဂျွန်ဆင်နှင့် တရုတ်ရဲ့ ဆီနိုဖမ်နှင့် ဆီနိုဖက်တို့ကို အရေးပေါ်ခွင့်ပြုထားပြီးဖြစ်ပါတယ်။

Source :AP. 

#Yangon_Media_Group