Published 15 July 2023

မိခင်ဝမ်းထဲမှာ သန္ဓေသားကြီးထွားလာချိန်ကစပြီး မိခင်နဲ့ ကလေးကြား လွန်ဆွဲမှုတွေဖြစ်ပေါ်နေပါတယ်။

သန္ဓေသားကြီးထွားဖွံ့ဖြိုးဖို့အတွက် မိခင်ဆီကနေ အာဟာရဓာတ်များ လိုအပ်ပါတယ်။

မိခင်အနေဖြင့် ကိုယ်တိုင်ကျန်းမာရေးအတွက် အာဟာရဓာတ်များ လိုအပ်သလို ကလေးမွေးဖွားဖို့နဲ့ နို့တိုက်ကျွေးဖို့အတွက်လည်း အာဟာရဓာတ်လိုအပ်ပါတယ်။

ထိုကဲ့သို့ နှစ်ဦးနှစ်ဖက်ကြား ပြိုင်ဆိုင်နေရတာဟာ မိဘတစ်ဦးချင်းစီမှ ရရှိထားတဲ့ မျိုးဗီဇတွေကြောင့်ဖြစ်ကြောင်း Cell Metabolism မှာ ဖော်ပြခဲ့ပါတယ်။

ဖခင်ထံမှရရှိတဲ့ မျိုးဗီဇတွေ အထူးသဖြင့် IGF2 မျိုးဗီဇဟာ အာဟာရဓာတ်များကို ဆွဲယူပါတယ်။

အဆိုပါ IGF2 ကြောင့် သန္ဓေသားဖွံ့ဖြိုးလာကာ အချင်း၊ အသည်း၊ ဦးနှောက်တို့လို တစ်ရှူးတွေက အာဟာရဓာတ်များ ရရှိလာပါတယ်။

ဖခင်ဗီဇပါလာတဲ့ မျိုးဗီဇတွေက လောဘကြီးပြီး တစ်ကိုယ်ကောင်းဆန်ကာ မိခင်ထံမှ အရင်းအမြစ်များကို အသုံးချစေပါတယ်လို့ ယူကေ Wellcome-MRC တက္ကသိုလ်မှ ဒေါက်တာ'မီဂွယ်ကွန်စတန်ရှာ'က ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ မိခင်ရဲ့မျိုးဗီဇတွေကလည်း တစ်ကိုယ်ကောင်းဆန်ကာ အရှုံးပေးမှာမဟုတ်ပါဘူး။

သူမရဲ့မျိုးဗီဇတွေက သန္ဓေသားဖွံ့ဖြိုးမှုကို ကန့်သတ်ဖို့ကြိုးစားကာ သူမကျန်းမာရေးအတွက် အရေးပါတဲ့ ဂလူးကို့စ်နဲ့ အဆီဓာတ်တွေကို ထိန်းသိမ်းပေးပါတယ်။

ကိုယ်ဝန်ဆောင်တာက နှစ်ဖက်စလုံးမှ အတူတကွ လုပ်ဆောင်ရတာ ဖြစ်ပေမယ့် မိခင်နဲ့ ကလေးကြားယှဉ်ပြိုင်နေရတာ ဖြစ်ပြီး အချင်းက အဓိကကဏ္ဍက ပါဝင်ဖွယ်ရှိကြောင်း ကွန်စတန်ရှာက ရှင်းပြပါတယ်။

ဖခင်ထံမှ IGF2 မျိုးဗီဇ အလုပ်မလုပ်တဲ့အခါ သန္ဓေသားမှာ အာဟာရလုံလောက်စွာ မရဘဲ ကောင်းစွာဖွံ့ဖြိုးတော့မှာ မဟုတ်ကြောင်း ဦးဆောင်စာတမ်းပြုစုသူ ဒေါက်တာ'ဂျော့ဂျ်လိုပက်ဇ်တယ်လို'က ပြောပြခဲ့ပါတယ်။

ဒီသုတေသနက ကိုယ်ဝန်ဆောင်စဉ်အတွင်း အချင်းရဲ့ လုပ်ငန်းစဉ်နဲ့ကဏ္ဍကို အလေးပေးဖော်ပြနေပါတယ်။
Source: NY Post
#World_Health
#YMG #Yangon_Times