Published_ 15 July 2023

ထိုင်းနိုင်ငံမှ Move Forward Party (MFP) ပါတီနဲ့ ခေါင်းဆောင်'ပီတာလင်မ်ဂျရိုအင်ရတ်'တို့ အနေဖြင့် လွှတ်တော်မှရွေးချယ်မယ့် ဝန်ကြီးချုပ်ရွေးကောက်ပွဲမှာ အနိုင်မရခဲ့ပါက ဖွေထိုင်းပါတီက ညွန့်ပေါင်းအစိုးရအသစ် ခေါင်းဆောင်ဖြစ်လာရန် အခွင့်သာနေကြောင်း နိုင်ငံရေးသိပ္ပံအကယ်ဒမီအဖွဲ့က သောကြာနေ့က ပြောကြားလိုက်ပါတယ်။

အောက်လွှတ်တော်မှာ ဒုတိယမြောက် နေရာအများဆုံးရရှိထားတဲ့ ဖွေထိုင်းပါတီအနေနဲ့ MFP ထံမှ ခေါင်းဆောင်မှုကို လွှဲပြောင်းရယူခွင့်ရှိနေကာ MFP ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ပြင်ပမှ အခြားပါတီကြီးများနဲ့ ပေါင်းစည်းကာ ညွန့်ပေါင်းအသစ် ဖွဲ့စည်းလာနိုင်ကြောင်း ဘူရာဖာတက္ကသိုလ်မှ 'အိုလန်ထင်ဘန်တီယို'က Bangkok Post ကို ပြောကြားခဲ့ပါတယ်။

လက်ရှိမဟာမိတ်အဖွဲ့မှာ ဖွေထိုင်းအပါအဝင် ပါတီ ၈ ခုဖြင့် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ဖွေထိုင်းပါတီအနေနဲ့ စောင့်ကြည့်ပြီး အကောင်းဆုံးကို ရွေးချယ်ရုံဖြစ်ကြောင်း၊ သူတို့ဆီကနေ ဝန်ကြီးချုပ်လောင်း လွှတ်မှာလား၊ တခြားပါတီကနေ လွှတ်မှာလားဆိုတာ ဆုံးဖြတ်နိုင်မှာဖြစ်ကြောင်း မစ္စတာအိုလန်က ပြောပြပါတယ်။

မစ္စတာပီတာအနေဖြင့် ဝန်ကြီးချုပ်မဲပေးမှုမှာ အနိုင်မရပါက ဖွေထိုင်းပါတီဟာ MFP ဦးဆောင်ညွန့်ပေါင်းအဖွဲ့မှာ ဆက်နေမှာလား ဒါမှမဟုတ် ဘက်ပြောင်းပြီး ညွန့်ပေါင်းအဖွဲ့အသစ် ဖွဲ့စည်းမှာလားဆိုတာ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

အကယ်၍ ဖွေထိုင်းက ဒီအဖွဲ့မှာပဲ ဆက်နေပြီး သူတို့ကိုယ်ပိုင် ဝန်ကြီးချုပ်လောင်း ကိုယ်စားလှယ်ဖြင့် ရွေးကောက်ခံမယ်ဆိုပါက အထက်လွှတ်တော်ကနေပါ လုံလောက်တဲ့ မဲအရေအတွက် ရနိုင်ဖွယ်မရှိဘူးလို့လည်း မစ္စတာအိုလန်က ပြောပြပါတယ်။

ကြာသပတေးနေ့က မစ္စတာပီတာဟာ မဲပေးမှုမှာ အနိုင်မရခဲ့တာကြောင့် MFP ထောက်ခံသူတွေ လမ်းမပေါ်ထွက်လာနိုင်ချေ ရှိနေကာ မစ္စတာပီတာအနေဖြင့် ဝန်ကြီးချုပ်‌ရာထူးအတွက် ထပ်မံယှဉ်ပြိုင်ခွင့် ရှိနေပါတယ်။

ကြာသပတေးနေ့ မဲပေးမှုမှာ မဲပေးခြင်းမပြုတဲ့ လွှတ်တော်အမတ်တွေက မစ္စတာပီတာကို မထောက်ခံရတဲ့ အကြောင်းအရင်းက ဘုရင်မင်းမြတ်စော်ကားမှု ပုဒ်မ ၁၁၂ အပေါ် MFP ရဲ့ရပ်တည်ချက်ကြောင့် ဖြစ်တယ်လို့ ဆိုနေကြပါတယ်။

MFP နဲ့ မစ္စတာပီတာအနေဖြင့်လည်း ပုဒ်မ ၁၁၂ ကို အဓိကပြုပြင်ချင်နေတာကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး နောက်ဆုတ်မယ်မထင်ကြောင်း သုံးသပ်ထားကြပါတယ်။
Source: Bangkok Post
#Asia_Politics
#YMG #Yangon_Times