#WorldPolitics

Published-  2 November 2021

ဖိလစ်ပိုင်နိုင်ငံမှာပြသနေတဲ့ Pine Gap စပိုင်ဇာတ်လမ်းတွဲမှ အပိုင်း ၂ ပိုင်းကို Netflix က ပယ်ဖျက်ပေးလိုက်ရပါတယ်။

အဲဒီဇာတ်လမ်းတွဲမှာ တရုတ်က တောင်တရုတ်ပင်လယ်ပြင်ကို သူတို့အပိုင်အဖြစ်အသုံးပြုနေတဲ့မြေပုံ ပါဝင်နေတာကြောင့် ဖိလစ်ပိုင်က ဒီဇာတ်ဝင်ခန်းတွေကို မကျေမနပ်ဖြစ်နေတာဖြစ်ပါတယ်။

ဖိလစ်ပိုင်တို့က ဒီဩစတြေးလျဇာတ်လမ်းတွဲထဲက အချို့အပိုင်းတွေကို ပယ်ဖျက်ပေးဖို့ Netflix ကို တနင်္လာနေ့က တောင်းဆိုခဲ့ပြီး ဇာတ်ကားမှာပါဝင်တဲ့ ဒီမြေပုံက သူတို့ရဲ့ အချုပ်အခြာအာဏာကို ထိခိုက်ရာရောက်တယ်လို့ ဆိုပါတယ်။

ထိုနေ့မှာပဲ အပိုင်း ၂ နဲ့ အပိုင်း ၃ တို့ဟာ ဖိလစ်ပိုင်မှာ ကြည့်ရှုခွင့်မရတော့ပါဘူး။
Netflix ကတော့ အစိုးရရဲ့တောင်းဆိုချက်ကြောင့် ဒီဇာတ်လမ်းတွဲအပိုင်းတွေကို ပယ်ဖျက်လိုက်ပါတယ်လို့ ကြေညာထားပါတယ်။

ရိုက်တာသတင်းဌာနက မှတ်ချက်ပြုဖို့တောင်းဆိုရာမှာ Netflix က လတ်တလောဖြေကြားခြင်း မရှိသေးပါဘူး။
တရုတ်မြေပုံတွေမှာ တောင်တရုတ်ပင်လယ်ပြင်က အစက် ၉ စက်နဲ့ဖော်ပြထားပြီး 'U'ပုံသဏ္ဍာန်ရှိတဲ့ရေပိုင်နက်ဒေသတွေကိုလည်း သူတို့ပိုင်ဆိုင်ရာနယ်မြေအဖြစ် ဖော်ပြထားပါတယ်။

ဖိလစ်ပိုင်၊ ဘရူနိုင်း ၊မလေးရှား ၊ထိုင်ဝမ်နဲ့ ဗီယက်နမ်တို့ကလည်း သယံဇာတပေါကြွယ်ဝတဲ့ ဒီပင်လယ်ပြင်ဒေသတွေကို ပိုင်ဆိုင်ချင်နေကြပါတယ်။

စေ့စေ့စပ်စပ်သုံးသပ်ပြီးတဲ့အခါမှာတော့ ဖိလစ်ပိုင်ရုပ်ရှင်အစည်းအရုံးအဖွဲ့က Pine Gap ဇာတ်လမ်းတွဲက အချို့အပိုင်းတွေဟာ အများပြည်သူကို ပြသဖို့မသင့်တော်ဘူးလို့ ဆုံးဖြတ်လိုက်ကြတယ်လို့ နိုင်ငံခြားရေးရာဌာန(DFA)က ဖော်ပြထားပါတယ်။

ဒီနှစ်အစောပိုင်းကလည်း ဗီယက်နမ်ရုပ်သံထုတ်လွှင့်ရေး တာဝန်ရှိသူတွေက အခုလိုမျိုးမကျေနပ်မှုတွေ ရှိခဲ့တာကြောင့် Netflix က ဗီယက်နမ်မှာလည်း Pine Gap ဇာတ်လမ်းတွဲကို ပြသခွင့်ပယ်ဖျက်လိုက်ရပါတယ်။

ဇာတ်ကားထဲကမြေပုံမှာ 'U'ပုံသဏ္ဍာန် အစက် ၉ စက်နဲ့ဖော်ပြထားတဲ့ ပင်လယ်ပြင်ဒေသတွေကို တရုတ်ရေပိုင်နက်အဖြစ် ထင်ထင်ရှားရှား ရိုက်ကူးပုံဖော်ထားတာဖြစ်တယ်လို့ ရုပ်ရှင်အစည်းအရုံးအဖွဲ့က မှတ်ချက်ပြုလိုက်ပါတယ်။

"လက်ရှိကြည့်ရှုနေတဲ့သူတွေရော နောက်လာမယ့်မျိုးဆက်တွေမှာပါ ဒီလိုသတ်မှတ်ဖော်ပြခြင်းကို အမှတ်ရကျန်ရစ်နေအောင် သက်သက်မဲ့ ပုံဖော်ထားတာဖြစ်ပါတယ်"လို့ နိုင်ငံခြားရေးရာဌာနက ဆိုပါတယ်။
Source: Reuters