#WorldPolitics

Published 31 October 2021

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကင်က အမေရိကန်နိုင်ငံဟာ ထိုင်ဝမ်ရေလက်ကြားတင်းမားမှုမြင့်မားစေတဲ့ တရုတ်ရဲ့လုပ်ရပ်တွေကို ဆန့်ကျင်ကန့်ကွက်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးကို ပြောကြားလိုက်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးကပြောပါတယ်။

နိုင်ငံနှစ်ဆယ်အုပ်စု အစည်းအဝေးနှင့် ဘေးတိုက်ကျင်းပခဲ့တဲ့ အမေရိကန်နှင့်တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ရဲ့ တစ်နာရီကြာ အစည်းအဝေးအတွင်းမှာ အဲဒီနေရာက ပိုနေမြဲ ကျားနေမြဲအခြေအနေကို ဘေဂျင်းရဲ့ တစ်ဖက်သတ်ပြောင်းလဲမှုဘယ်လိုကိစ္စမျိုးမဆို ဝါရှင်တန်က ကန့်ကွက်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းပြောကြားခဲ့တယ်လို့ အရာရှိကပြောပါတယ်။

မကြာသေးခင်က တရုတ်စစ်တပ်က ထိုင်ဝမ်ရဲ့ လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုံအတွင်း လေ့ကျင့်ခန်းတွေပြလုပ်နေတာဟာ ဘေဂျင်းရဲ့ စစ်ရေးအရနှောက်ယှက်မှုတွေတိုးမြှင့်နေတာဖြစ်တယ်လို့ တိုင်ပေက ရှုမြင်ထားပါတယ်။

တရုတ်က ထိုင်ဝမ်ကျွန်းဟာ တရုတ်ရဲ့ ပိုင်နက်အစိတ်အပိုင်းတစ်ခုလို့ပြောထားပြီး ထိုင်ဝမ်ကို မည်သည့်နိုင်ငံခြားက စွက်ဖက်မှုကိုပဲဖြစ်ဖြစ် တရုတ်ရဲ့ပြည်တွင်းရေးဝင်ရောက်စွက်ဖက်တာလို့ ရှုမြင်ထားပါတယ်။

အခြားနိုင်ငံအများစုလိုပဲ အမေရိကန်ဟာ ထိုင်ဝမ်နှင့် တရားဝင်ဆက်သွယ်မှုမထားရှိပေမယ့် ဝါရှင်တန်ဟာ ထိုင်ဝမ်ကျွန်းရဲ့ အရေးအကြီးဆုံး နိုင်ငံတကာကျောထောက်နောက်ခံတစ်နိုင်ငံဖြစ်ပြီး အဓိကလက်နက်တင်ပို့နိုင်ငံလည်းဖြစ်ပါတယ်။

အမေရိကန်ဟာ နှစ်များစွာကတည်းက မပြတ်သားတဲ့ မဟာဗျူဟာ မူဝါဒကို ကျင့်သုံးခဲ့ပါတယ်။ တရုတ်ကသာထိုင်ဝမ်ကို တိုက်ခိုက်လာရင် အမေရိကန်က ထိုင်ဝမ်ကိုကာကွယ်ပေးဖို့ စစ်ရေးအရ ကြားဝင်ရမလားဆိုတာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက အမေရိကန်သမ္မတဂျိုဘိုင်ဒင်က လိုအပ်ရင် ထိုင်ဝမ်ကိုကာကွယ်ပေးရလိမ့်မယ်လို့ပြောထားခဲ့တာပါ။

ဒါပေမယ့် နိုင်ငံခြားရေးဝန်ကြီးဘလင်ကင်ကတော့ အမေရိကန်ဟာ  ထိုင်ဝမ်နှင့်ပတ်သက်လျှင် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို မပြောင်းလဲဘူးလို့လည်း ရှင်းရှင်းလင်းလင်းထပ်ပြောခဲ့သေးတယ်လို့ အရာရှိကပြောပါတယ်။

သူနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်တော့က လတ်တလော တရုတ်ရဲ့ အသံထက်အလွန် မြန်တဲ့လက်နက်စမ်းသပ်မှုတွေ   ကိစ္စတော့ မဆွေးနွေးခဲ့ကြဘူးလို့သိရကြောင်း ရိုက်တာကရေးသားပါတယ်။

Source Reuters